ကလော နိုဝင်ဘာ-၆
ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်နှင့်ဇနီး၊ ကလောတပ်နယ်မှူး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာလ (၅)ရက် ည(၈)နာရီက (၂၀)ကြိမ်မြောက် ကလောမြို့၊ မြို့လုံးကျွတ်မဟာတန်ဆောင်တိုင် ရိုးရာမီးရှော်တိုင်နှင့် မီးကြာစံထွန်းညှိပူဇော်ပွဲဖွင့်ပွဲတွင် မီးကြာစံထွန်းညှိလှည့်လည်နေကြသော ဒေသခံတိုင်းရင်းသား၊ တိုင်းရင်းသူများ၊ ပွဲတော်လာဧည့်ပရိတ်သတ်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ကြပြီး မီးကြာစံလှည့်လည်ပူဇော်ပွဲကို ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် ကလောမြို့၊ မောမြေဦးပန်းခြံ၊ မီးရှော်တိုင်ကွင်း၌ ရိုးရာမီးရှော်တိုင်ပွဲ ဖွင့်ပွဲကျင်းပရာ အခမ်းအနားကို ကလောတပ်နယ်မှူး ဗိုလ်မှူးချုပ်ကျော်သူရနှင့် တာဝန်ရှိသူများတို့က (၂၀)ကြိမ်မြောက် ကလောမြို့၊ ရိုးရာမီးရှော်တိုင်နှင့် မီးကြာစံထွန်းညှိပူဇော်ပွဲကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
၎င်းနောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က အဖွင့်မိန်းခွင့်ပြောကြားရာ ကလောမြို့ မီးရှော်တိုင်နှင့် မီးကြာစံအလှပဒေသာ ထွန်းညှိပူဇော်ပွဲကို သာမညဖလအခါတော်နေ့ အထိမ်းအမှတ်အဖြစ် မြတ်ဗုဒ္ဓဘုရားရှင်အား တန်ဆောင်တိုင်မီးရှော်တိုင်နှင့် မီးကြာစံအလှ ပဒေသာများဖြင့် နှစ်စဥ်ပူဇော်နိုင်ရန်၊ ကလောမြို့နယ်၏ ရိုးရာယဥ်ကျေးမှုဓလေ့ထုံးစံများကို ဖော်ထုတ်ပြီး ရေရှည်တည်တံ့အောင် စောင့်ရှောက်ထိန်းသိမ်းနိုင်စေရန်၊ ကလောမြို့၏ သဘာရာသီဥတုနှင့် တိုင်းရင်းသားတို့၏ ရိုးရာယဥ်ကျေးမှုဓလေ့ထုံးစံများကို မြန်မာသာမက ကမ္ဘာကပါသိရှိပြီး ခရီးသွားလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ပြီး မြို့နယ်၏စီးပွားရေးလုပ်ငန်းများ ပိုမိုတိုးတက်ဖြစ်ထွန်းလာရန်၊ ကလောမြို့နယ်သူ မြို့နယ်သားများ၊ လူငယ်ထုတစ်ရပ်လုံးက တိုင်းရင်းသားရိုးရာယဥ်ကျေးမှုဓလေ့ထုံးစံများကို ဖော်ထုတ်ရာတွင် စုပေါင်းညီညာစွာ ဆောင်ရွက်နိုင်မှု၊ ရိုးရာယဥ်ကျေးမှုဓလေ့ထုံးစံများကို ထိန်းသိမ်းနိုင်မှု၊ စည်းကမ်းစနစ်ကျနစွာ ဆောင်ရွက်နိုင်မှုအလေ့အကျင့်ကောင်းများ တိုးတက်ဖြစ်ထွန်းလာစေရန် ရည်ရွယ်ကျင်းပရခြင်း ဖြစ်ပါကြောင်းပြောကြားသည်။
ဆက်လက်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က ရိုးရာမီးရှော်တိုင်နှင့် မီးကြာစံထွန်းညှိပူဇော်ပွဲအား စက်ခလုတ်နှိပ်၍ မီးပုံးပျံငယ်အလုံး (၂၀၀) လွှတ်တင်ခြင်းနှင့် မီးရှူး၊ မီးပန်းများပစ်လွှတ်ပေးခြင်း၊ ပြိုင်ပွဲဝင်မီးကြာစံအဖွဲ့များနှင့် တိုင်းရင်းသားရိုးရာ အကအလှအဖွဲ့များမှ ကပြဖျော်ဖြေကြကြောင်းသိရသည်။
ယင်းနောက် ပြိုင်ပွဲဝင် ကလောမြို့ရပ်ကွက်(၁)မှ ရွှေမြန်မာမီးရှော်တိုင်အဖွဲ့များမှ ပစ်လွှတ်ထွန်းညှိပူဇော်ယှဥ်ပြိုင်ကြပြီး ဒေသခံအဆိုတော်များ၊ နိုင်ငံကျော်သရုပ်ဆောင်နှင့် တေးရှင်များမှ ဖျော်ဖြေတင်ဆက်နေမှုကို ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၏ဇနီး၊ ကလောတပ်နယ်မှူးနှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကြသည်။
အဆိုပါမီးရှော်တိုင်ပြိုင်ပွဲတွင် ကလောမြို့ပေါ်ရှိ (၁၁)ရပ်ကွက်နှင့်ရပ်ကွက်ကျေးရွာတို့မှ ပါဝင်ယှဥ်ပြိုင်ကြပြီး ပြိုင်ပွဲတွင် မီးရှော်တိုင်(၂၁)တိုင်ကို ညစဥ်(၄)တိုင်ဖြင့် နိုဝင်ဘာ(၅)ရက်မှ (၈)ရက်နေ့အထိ (၄)ရက်ကျင်းပသွားမည် ဖြစ်ကြောင်းသိရှိရသည်။
ထို့နောက် နိုဝင်ဘာလ(၆)ရက်၊ နံနက်(၉)နာရီက တောင်ကြီးမြို့အမျိုးသမီးနှင့် ကလေးအထူးကုဆေးရုံကြီး၌ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ (၃၇)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှစ်ပတ်လည်နေ့အထိမ်းအမှတ်ကို ဂုဏ်ပြုကြိုဆို သောအားဖြင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်း(၂၂)ဦးမှ စုပေါင်းသွေးလှူဒါန်းနေမှုကို ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တာဝန်ရှိသူများကကြည့်ရှုအားပေး၍ အာဟာရဖြည့်စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး