တောင်ကြီး နိုဝင်ဘာ-၄
တောင်ကြီးမြို့တန်ဆောင်တိုင်ပွဲတော်တွင် မသိုးသင်္ကန်းရက်လုပ်လှူဒါန်းပွဲကို နိုဝင်ဘာလ (၃)ရက်၊ ညနေ(၅)နာရီက တောင်ကြီးမြို့ စူဠာမုနိလောကချမ်းသာစေတီတော် ဘုရားရင်ပြင်တွင် ကျင်းပသည်။
မသိုးသင်္ကန်းရက်လုပ်ပွဲကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့်ဇနီး၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်နိုင်ဦးနှင့်ဇနီး၊ ပြည်နယ်သယံဇတရေးရာဝန်ကြီး ဦးစိုင်းလိတ် တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့က ရှမ်းစာပေယဥ်ကျေးမှုအဖွဲ့မှ ကိန္နရီ၊ ကိန္နရာ၊ တိုးနယား အကဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းမှူးနှင့်ဇနီးတာဝန်ရှိသူများ သည် ဓမ္မဓိန္နာစင်တော်၊ ဂေါတမီစင်တော်၊ သုဇာတာစင်တော်၊ သာမာဝတီစင်တော်၊ ဥပ္ပလဝဏ်စင်တော်တို့တွင် အင်းလေးဒေသနှင့် ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းမှ ကျောင်းသူလေးများက မသိုးသင်္ကန်းရက်လုပ်ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေး ကြကြောင်းသိရသည်။
ထို့နောက် နိုဝင်ဘာလ(၄)ရက်၊ နံနက်(၄)နာရီက တောင်ကြီးမြို့ စူဠာမုနိလောကချမ်းသာ စေတီတော်၌ စူဠာမုနိလောကချမ်းသာဗုဒ္ဓရုပ်ပွားတော်မြတ်အား မသိုးသင်္ကန်းဆက်ကပ် လှူဒါန်းပွဲကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က တာဝန်ရှိသူများအား ရက်လုပ်ပြီး မသိုးသင်္ကန်းများပေးအပ်ပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်ကဦးဆောင်၍ စူဠာမုနိဘုရား တစ်ပတ်လှည့်လည်ပြီး စေတီအတွင်းရှိ ရုပ်ပွားတော်(၄)ဆူအား မသိုးသင်္ကန်းဆက်ကပ် လှူဒါန်းပေးကြသည်။
၎င်းနောက်ဆရာတော်သံဃာတော်များက ဗုဒ္ဓဘိသေကအနေက ဇာတင်ပေးကြပြီး အခမ်းအနားကို ပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိတ်သတ်တို့ကနမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်၍ နိုင်ငံတော်သြဝါဒါစရိယ၊ တောင်ကြီးမြို့ကံသာရပ်ကွက် စွန်းလွန်းဂူကမ္မဋ္ဌာန်းကျောင်းတိုက် ဦးစီးပဓာနနာယကအဂ္ဂမဟာပဏ္ဍိတ၊ မဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တအဂ္ဂဓမ္မာဘိဝံသဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များက ပွားများအပ်သောမေတ္တာသုတ်ပရိတ်တရားတော်မြတ်ကို နာယူကြည်ညို ကြသည်။
ဆက်လက်၍ ဆရာတော်၊ သံဃာတော်များအား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် ဇနီး၊ တာဝန်ရှိသူများက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပေးကြပြီး တောင်ကြီးမြို့၊ ရှမ်းပြည်နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ သိမ်တောင်ပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက ဆရာတော်(အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ)ဘဒ္ဒန္တတေဇဝန္တထံမှ လှူဒါန်းမှုအစုစုအတွက် အနုမောဒနာ တရားနာယူကြည်ညို၍ ရေစက်သွန်းချအမျှပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းလိုက်ပြီး ဆရာတော်သံဃာတော်များအား အရုဏ်ဆွမ်း ဆက်ကပ်ပေးကြကြောင်းသိရသည်။
ယင်းနောက် အတုလမာရဇိန်ဆုတောင်းပြည့်မြတ်စွာဘုရား၊ မြို့လယ်ဓမ္မာရုံကြီး၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော (၇၅)ကြိမ်မြောက်စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာကျင်းပရာ အခမ်းအနားကို ဆရာတော်၊ သံဃာတော်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်တို့က နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ဖွင့်လှစ်ပြီး နိုင်ငံတော်သြဝါဒါစရိယ စွန်းလွန်ဂူကမ္မဋ္ဌာန်းကျောင်းတိုက် ဦးစီးပဓနာနာယက အဂ္ဂမဟာပဏ္ဍိတ၊ မဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တအဂ္ဂဓမ္မာဘိဝံသ ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များပွားများအပ်သော မေတ္တာသုတ်ပရိတ်တရားတော်မြတ်ကို နာယူကြည်ညိုကြသည်။
ဆက်လက်၍ ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့်ဇနီး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ နိုင်ငံတော်အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ဝင် တာဝန်ရှိသူများ၊ ပြည်နယ် ဝန်ကြီးများနှင့်ဇနီး ပြည်နယ်အစိုးရအဖွဲ့အတွင်းရေမှူးနှင့်ဇနီးတို့က ဆရာတော်သံဃာ တော်များအား ဆက်ကပ်လှူဒါန်းပေးကြပြီး ကထိန်သင်္ကန်းအလှူခံရရှိသော ဘုန်းကြီးကျောင်းများအား ပြည်နယ်၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့များတို့က ဆက်ကပ်လှူဒါန်းပေးကြရာ ကထိန်အညွှန်းအား နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အဖွဲ့ဝင်၊ တောင်ကြီးမြို့မဟာဓမ္မိကာရာမကျောင်းတိုက် ပဓာန နာယက ဆရာတော်အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဓမ္မာ နန္ဒာဘိဝံသ က ညွှန်းပေး၍ လှူဒါန်းမှုအစုစုအတွက် ဆရာတော်ကြီးထံ အနုမောဒနာတရား နာယူကြည်ညို၍ ရေစက်သွန်းချအမျှပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်းရုပ်သိမ်းလိုက်ပြီး ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်း ပေးခဲ့ကြကြောင်းသိရှိသည်။
အဆိုပါ ၂၀၂၅ခုနှစ် (၇၅)ကြိမ်မြောက် တောင်ကြီးမြို့၊ မြို့လုံးကျွတ်မဟာဘုံကထိန်ပွဲတွင် အလှူရှင်များထည့်ဝင်လှူဒါန်းမှုမှာ ပဒေသာပင်(၁၃၀)ပင်၊ တန်ဘိုးငွေသား (၂၂၆၇၄၂၄၅၀)ကျပ်နှင့် ပစ္စည်းမျိုးစုံတန်ဖိုးငွေ (၄၅၉၄၄၁၀၀၀)ကျပ် စုစုပေါင်းငွေသား၊ ပစ္စည်းမျိုးစုံတန်ဖိုးငွေကျပ် (၈၀၇၉၈၃၅၀)သိန်း ရရှိကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး