တောင်ကြီး နိုဝင်ဘာ-၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၌ (၇၅)ကြိမ်မြောက်မြို့လုံးကျွတ်မဟာဘုံကထိန် ပွဲတော် ပဒေသာပင်လှည့်လည်ပူဇော်ပွဲကို နိုဝင်ဘာလ(၃)ရက်၊ နံနက်(၈)နာရီခွဲက တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ မြို့မရဲစခန်းရှေ့တွင် စုရပ်(၁)နှင့် ခမ်းလီစိန်ရွှေရတနာဆိုင်ရှေ့ ကုန်သည်လမ်းတွင် စုရပ်(၂)ဖြင့်စတင်လှည့်လည်ကြကြောင်းသိရသည်။
မြို့လုံးကျွတ်မဟာဘုံကထိန် ပဒေသာပင်လှည့်လည်ပူဇော်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့်ဇနီး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့်ဇနီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့ကဦးဆောင်၍ ပဒေသာပင်များကို စတင်လှည့်လည်ပေးကြသည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ်မိသားစု၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ များ၊ မြို့ပေါ်ရှိရပ်ကွက်များ၊ စျေးသူစျေးသားများ၊ ကုမ္ပဏီများ၏ ပဒေသာပင်များကို ဗိုလ်ချုပ်အောင်ဆန်းလမ်းတစ်လျှောက်မှ အရှေ့မြို့ပတ်လမ်းတစ်လျှောက်နှင့် ညောင်ရွှေဟော်ကုန်း ရပ်ကွက်ရှိ ခြင်္သေ့လမ်းမှထွက်၍ မင်းလမ်းအတိုင်း လှည့်လည်လာရာ လမ်းဘေးဝဲယာပြည်သူများ စည်ကားသိုက်မြိုက်စွာ ကြည့်ရှုကြပြီး ပဒေသာပင်များကို အတုလမာရဇိန်ဆုတောင်းပြည့် မြတ်စွာဘုရားမြို့လယ်ဓမ္မာရုံသို့ပို့ဆောင်ပေးကြသည်။
အဆိုပါတောင်ကြီးမြို့(၇၅)ကြိမ်မြောက်မြို့လုံးကျွတ်မဟာဘုံကထိန် ပဒေသာပင်လှည့်လည် ပွဲတွင် တောင်ကြီးမြို့ပေါ်ရှိ ဘုန်းကြီးကျောင်းများအား ပဒေသာပင်များခွဲဝေလှူဒါန်းသွားမည် ဖြစ်ကြောင်းသိရသည်။
ထို့မှတစ်ဆင့်ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တာဝန်ရှိသူများသည် တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်ရှိ ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်သို့သွားရောက်၍ ဗုဒ္ဓတက္ကသိုလ်ဓမ္မာရုံ၌ ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ် ပါမောက္ခချုပ်၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ မဟာဓမ္မထိက ဗဟုဇနဆရာတော်ဒေါက်တာဘဒ္ဒန္တဓမ္မသာမိ၏ သက်တော်(၆၁)နှစ် မွေးနေ့အလှူတော်မင်္ဂလာ အခမ်းအနားသို့ တက်ရောက်ဖူးမြော်ကြည်ညိုကြကြောင်းသိရသည်။
၎င်းနောက်ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီးတို့က လှူဖွယ်ဝတ္ထုပစ္စည်းများ၊ ရှမ်းပြည်နယ်အစိုးရ အဖွဲ့ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က နဝကမ္မအလှူငွေများကို ရှမ်းပြည်ဗုဒ္ဓတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဘဒ္ဒန္တဓမ္မသာမိအား ဆက်ကပ်လှူဒါန်းပေးကြပြီး အလှူရှင်များမှ လှူဖွယ်ဝတ္ထုပစ္စည်းများ၊ နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းပေး၍ ဆရာတော်ကြီးက ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြောင်းသိရှိရသည်။
ယင်းနောက် ၂၀၂၅ ခုနှစ်တောင်ကြီးမြို့၏ ရိုးရာမပျက်တန်ဆောင်တိုင်ပွဲတော်ကို နိုဝင်ဘာ(၂)ရက် ည(၇)နာရီက အဝေရာမီးပုံးပျံကွင်း၌ ပဥ္စမညတွင်လည်း ကွင်းလုံးပြည့်လျှံ ရပ်နီး၊ရပ်ဝေးမှ ပွဲတော်လာဧည့်ပရိတ်သတ်များ၊ ဒေသခံတိုင်းရင်းသားပြည်သူများ၊ ကြက်ပျံမကျ စည်ကားသိုက်မြိုက်စွာ လာရောက်၍ မီးပုံးပျံလွတ်တင်ယှဥ်ပြိုင်နေမှုများနှင့် ပွဲတော်ကို ပျော်ရွှင်စွာပါဝင်ဆင်နွဲလျက်ရှိကြသည်။
အဆိုပါ တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ပဥ္စမညတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တာဝန်ရှိသူတို့သည် တန်ဆောင်တိုင်ပွဲတော်တွင် ပျံကျစျေးသည်များ၊ ကုမ္မဏီစျေးဆိုင်ခန်းများနှင့် ပွဲစျေးတန်းများအား လှည့်လည့်ကြည့်ရှုကြကြောင်းသိရသည်။
တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ပဥ္စမညတွင်လည်း ခေတ်ပေါ်တေးဂီတဖြင့် ဒေသခံအဆိုတော်များမှ ဖျော်ဖြေတင်ဆက်ကြပြီး ညမီးကြီးမီးပုံးပျံ၊ စိန်နားပန်မီးပုံးပျံ လွှတ်တင်ယှဥ်ပြိုင်နေမှုကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကြကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး