တောင်ကြီး နိုဝင်ဘာ-၁
၂၀၂၅ ခုနှစ် တောင်ကြီးမြို့၏ ရိုးရာမပျက်တန်ဆောင်တိုင်ပွဲတော်ကို အောက်တိုဘာလ (၃၁)ရက်၊ ည(၇)နာရီက အဝေရာမီးပုံးပျံကွင်း၌ တတိယညတွင် ရပ်နီး၊ ရပ်ဝေးမှ ပွဲတော်လာ ဧည့်ပရိတ်သတ်များ၊ ဒေသခံတိုင်းရင်းသားပြည်သူများ၊ ကြက်ပျံမကျ စည်ကားသိုက်မြိုက်စွာ လာရောက်၍ မီးပုံးပျံလွတ်တင်ယှဥ်ပြိုင်နေမှုများနှင့် ပွဲတော်ကို ပျော်ရွှင်စွာ ပါဝင်ဆင်နွဲလျက်ရှိကြသည်။
အဆိုပါတောင်ကြီးတန်ဆောင်တိုင်ပွဲတော် တတိယညတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့က ပွဲတော်လာပြည်သူများ၊ မီးပုံးပျံ လွတ်တင်ယှဥ်ပြိုင်သည့်ကွင်း အတွင်းဆင်း၍ စိန်နားပန်မီးပုံးပျံလွှတ်တင်နေမှုနှင့် စိန်နားပန်မီးပုံးပျံလွှတ်တင်နေမှုကို နိုင်ငံကျော်အဆိုတော်သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်မှ ရုပ်ရှင်ရိုက်ကူးနေမှုကို ကြည့်ရှုအားပေး၍ လည်းကောင်း၊ လာရောက်ယှဥ်ပြိုင်ကြသည့် မီးပုံးပျံအဖွဲ့သားများ၊ တောင်ကြီးတန်ဆောင်တိုင်ပွဲကို Live လွှတ်ပေးကြသော မီဒီယာအဖွဲ့များ၊ မီးပုံးပျံကို အကဲဖြတ်အမှတ်ပေးကြမည့် ဒိုင်အဖွဲ့များ၊ မီးပုံးပျံညမီးကြီးယမ်းခွေခေတ္တထားရှိသည့်နေရာနှင့် ပွဲတော်အတွင်း ကျန်းမာရေးစောင့်ရှောက်မှု ဆေးပေးခန်းတွင် တာဝန်ထမ်းဆောင်နေကြသောဝန်ထမ်းများ၊ စျေးရောင်းနေကြသော ပျံကျစျေးသည်များကို ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်စကားပြောကြားပြီး မီးပုံးပျံညမီးကြီး၊ စိန်နားပန်မီးပုံးပျံလွှတ်တင်နေမှုကိုကြည့်ရှုအားပေးခဲ့ကြသည်။
တောင်ကြီးတန်ဆောင်တိုင်ပွဲတော် တတိယညတွင်လည်း ခေတ်ပေါ်တေးဂီတဖြင့် ဒေသခံအဆိုတော်များမှ ဖျော်ဖြေတင်ဆက်ကြပြီး ညမီးကြီးမီးပုံးပျံ(၆)လုံး၊ စိန်နားပန် မီးပုံးပျံ(၅)လုံး၊ စုစုပေါင်း(၁၁)လုံးလွှတ်တင်ယှဥ်ပြိုင်နေမှုကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကြကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး