
မောက်မယ် အောက်တိုဘာ ၁၈
ဘုရားကျောင်းကန်များတွင် သန့်ရှင်းသာယာလှပစေရေး၊ မြို့နယ်အတွင်းရှိပြည်သူများ၏ လူနေမှုအဆင့်အတန်းများ ဖွံ့ဖြိုးတိုးတက်စေရေး စသည်ဖြင့် မြို့ပြအင်္ဂါရပ်နှင့်အညီ ပြည့်စုံညီညွတ်မှုရှိ စေရေးအတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ မြို့နယ်စီမံခန့်ခွဲရေး နှင့်အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် အောက်တိုဘာလ၁၈ရက် နံနက်၇နာရီက ဌာနဆိုင်ရာ ဝန်ထမ်းများမှစုပေါင်း၍ မြို့၏သမိုင်းဝင် နန်းဖတ်ခုမ်စေတီတော် ကျောင်းဝန်းအတွင်း/အပြင် စုပေါင်းသန့်ရှင်းရေးပြုလုပ် ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အတွင်းရှိဌာနဆိုင်ရာဝန်ထမ်းများက နန်းဖတ်ခုမ်စေတီတော် ဘုန်းကြီးကျောင်းဝန်းအတွင်း/အပြင်တွင် ဘုရားရုပ်ပွားတော်များအား ရောင်တော်ဖွင့်သန့်ရှင်းရေး ပြုလုပ်ပေးခြင်း၊ ကျောင်းအတွင်း၌တံပျက်စီးလှည်းခြင်း၊ စေတီပုထိုးပေါ်ပေါက်ရောက်နေသော ပေါင်းပင်များရှင်းလင်းခြင်း၊ သစ်ပင်သစ်ကိုင်းများခုတ်ထွင်ရှင်းလင်းခြင်း၊ ချုံနွယ်ပိတ်ပေါင်းများနှင့် အမှိုက်သရိုက်များရှင်းလင်းခြင်း၊ မြက်များခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများကို တက်ညီလက်ညီ စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ဆက်လက်၍ မောက်မယ်မြို့နယ် မီးသတ်ဌာနဦးစီးအနေဖြင့် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးသန်းလင်းအောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် မြို့နယ်လျှပ်စစ်မှူးတို့ ပူးပေါင်းပါဝင်သောအဖွဲ့က မြို့နယ်အတွင်းရှိစက်သုံးဆီ အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မီးသတ်ဆေးဘူးများထားရှိမှု၊ အပေါ့စားမီးငြိမ်းသတ်စက် ကောင်းမွန်မှုရှိ/မရှိ၊ ရေသိုလှောင်ထားရှိမှု၊ လျှပ်စစ်ဝါယာရိန်းများ ကောင်းမွန်မှုရှိ/မရှိတို့ကိုစစ်ဆေးကြပြီး မီးလောင်မှုများဖြစ်ပွားပါက မြို့နယ်မီးသတ်ဦးစီးဌာနသို့ ချက်ချင်းအကြောင်းကြားရန် အသိပေးဆွေး နွေးခဲ့ကြကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့