လားရှိုး အောက်တိုဘာ-၁၆
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လာရှိုးခရိုင်ရုံးနှင့် သူနာပြုနှင့်သားဖွားသင်တန်းကျောင်းတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်း၊ စာအုပ်စာစောင်၊ ဓာတ်ပုံနှင့် အသိပညာပေးနံရံကပ်စာ‌စောင်များပြသ‌ဆောင်ရွက်ခြင်းကို အောက်တိုဘာလ ၁၆ ရက် နေ့လည် ၁ နာရီက ခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
စာဖတ်ဝိုင်းတွင် ရှေ့ဦးစွာ လားရှိုးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးစိုင်းထွန်းနေလှိုင်က စာအုပ်တစ်အုပ်ရဲ့အပေါ်မှာ တစ်ဦးနှင့်တစ်ဦးမတူညီတဲ့ အတွေးအမြင်သစ်များ၊ စာအုပ်မှရရှိသော အသိပညာဗဟုသုတများကို တစ်ဦးနှင့်တစ်ဦး မျှဝေနိုင်ရန်နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်နှင့်လည်း ရင်းနှီးကျွမ်းဝင်မှု ပိုမိုရရှိကာ စာအုပ်စာပေကောင်းများ လေ့လာရှာမှီးတတ်စေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ စာရေးဆရာ ကြည်နိုင်၏ “ ဘဝပုံရိပ် စာပုံရိပ် အက်ဆေးများ”စာအုပ်ဖြင့် စာဖတ်ဝိုင်းအားကျင်းပရာ တက်ရောက်လာသည့် သူနာပြုနှင့်သားဖွားသင်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများက မိမိတို့ဖတ်ရှု့‌လေ့လာထားသည့် ခေါင်းစဉ်အလိုက် အသီးသီးဆွေးနွေး ခဲ့ရာ ခရိုင်ဦးစီးမှူး ဦးစိုင်းထွန်းနေလှိုင်က ပြန်လည်ဖြည့်စွက်ဆွေးနွေးပေးခဲ့‌သည်။
ထို့အပြင် စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်စာစောင်ပြပွဲ၊ “လှပသာယာပြည်မြန်မာ” ရောင်စုံ ဓာတ်ပုံပြပွဲ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များအား ပြသခဲ့ရာ တက်ရောက်လာသည့် သူနာပြုနှင့်သားဖွားသင်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မဲစာရင်းပါရှိစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေ့ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးမျိုးမင်းထွန်းက အမှာစကားပြောကြားပြီး ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအာကာမင်းက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက်တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိတို့ဌာနအလိုက် ဝန်ထမ်းများနှင့် မိသားစုဝင်များအား မဲစာရင်းပါရှိစေရေး ဆောင်ရွက်ထားရှိမှု အခြေအနေများအား ဆွေးနွေးတင်ပြခဲ့ရာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌက လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့