ဟိုပုံး အောက်တိုဘာ ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ အမျိုးသမီး ငယ်လေးများ သားအိမ်ခေါင်းကင်ဆာရောဂါကြိုတင်ကာကွယ်နိုင်ရန်အတွက် သားအိမ်ခေါင်း ကင်ဆာ ရောဂါကာကွယ်ဆေး(HPV)နှင့် KG ကျောင်းသား၊ ကျောင်းသူများအား ဆုံဆို့မေးခိုင် ကာကွယ်ဆေး (DT)ထိုးနှံပေးခြင်းကို အောက်တိုဘာလ ၁၃ရက် နံနက် (၉)နာရီအချိန်က အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း တွင် ထိုးနှံပေးခဲ့ကြသည်။
ထိုသို့ထိုးနှံရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက အသက် ၉ နှစ်မှ ၁၀ နှစ် အရွယ် ကျောင်းသူလေးများကို ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေး ပြီး သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေး ထိုးနှံပေးသည်။ ထို့နောက် ကျန်းမာရေးဝန်ထမ်းများ က သားအိမ်ခေါင်း ကင်ဆာ၏ ရောဂါလက္ခဏာများ၊ သားအိမ်ခေါင်းကင်ဆာဖြစ်ပွားပါက နောက်ဆက် တွဲ ဖြစ်ပွားနိုင်သည့် ရောဂါလက္ခဏာများ၊ HPV ပိုးကူးစက်ခံရပြီး သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားနိုင်သည့် အချိန်ကာလ များနှင့် HPV ကာကွယ်ဆေးသည် ဘေးကင်းစိတ်ချရသည့် ကာကွယ် ဆေးဖြစ်ပြီး HPV ရောဂါပိုးကြောင့် ဖြစ်ပွားနိုင်သည့် ကင်ဆာရောဂါများကို ထိထိရောက်ရောက် ကာကွယ်နိုင်ကြောင်းကို အသိပညာ ပေးဟောပြောခဲ့ပြီး အသက် ငါးနှစ်ပြည့်ပြီး ခုနစ်နှစ်မကျော်သော KG ကျောင်းသား၊ ကျောင်းသူများအား ဆုံဆို့မေးခိုင်ရောဂါ ကာကွယ်ဆေး(DT) ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဟိုပုံးမြို့နယ်၌ ကျောင်းအခြေပြု ဆုံဆို့မေးခိုင်ရောဂါ ကာကွယ်ဆေးကို ကျောင်းသား၊ ကျောင်းသူ ၉၃ ဦးနှင့် သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေးကို ကျောင်းသူ ၇၃ ဦးတို့အား ထိုးနှံပေးခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့