
တောင်ကြီး အောက်တိုဘာ-၁၅
ကျောက်နီမွေးမြူရေးဇုန်တွင် လုပ်ငန်းများအရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေးအတွက် အောက်တိုဘာလ(၁၅)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့နယ်၊ ကွန်လုံကျေးရွာအုပ်စု၊ (ကျောက်နီစိုက်ကွင်း)အတွင်း နွားမွေးမြူရေးဇုန်အား ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးစိန်ဝင်း၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့က ကွင်းဆင်းကြည့်ရှုစစ်ဆေးကြကြောင်းသိရသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် နွားမွေးမြူရေးဇုန်သို့သွားရောက်မည့် အဝင်ဆေးဖျန်းဂိတ်ဘေးရှိ ဇီဝလုံခြုံရေးဧရိယာ (၆.၆၈) ဧကတွင် MasterPlan ပါလုပ်ငန်း ဆောက်ရွက်နေမှုကိုကြည့်ရှုစစ်ဆေးရာ ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူးက ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးက လိုအပ်သည်များဖြည့်စွက်မှာကြား၍ ဇီဝလုံခြုံရေးနေရာသို့ဝင်ရောက်မည့် လမ်းတံတားတည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့နောက်ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် နွားမွေးမြူရေးဇုန်ရှိ ရှင်းလင်းဆောင် ခန်းမသို့သွားရောက်ရာ ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူးက မွေးမြူရေးနှင့်မွေးမြူရေးဆက်စပ်လုပ်ငန်းများဆောင်ရွက်ခြင်း တိုးတက်မှုအခြေအနေများအား ရှင်းလင်းတင်ပြပြီး မွေးမြူရေးဇုန်ကော်မတီအတွင်းရေးမှူးမှ တိရစ္ဆာန်အစာပင် စိုက်ပျိုးခြင်းလုပ်ငန်း ဆောင်ရွက်ထားရှိမှု၊ တိရစ္ဆာန်အစာချဥ်ဖတ်ကန်ဆောင်ရွက်ထားရှိမှုနှင့် နို့စားနွားကောင်ရေ ဝင်ရောက်လာမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
၎င်းနောက် တက်ရောက်လာသည့်မွေးမြူရေးလုပ်ငန်းရှင်များမှ နွားမွေးမြူရေးလုပ်ငန်းနှင့် စပ်လျဥ်း၍ဆောာင်ရွက်ထားရှိမှုအား ရှင်းလင်းတင်ပြဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးက တိရစ္ဆာန်အစာစာချဥ်ဖတ်နှင့်နွားချေးစစ်ကန်များဆောင်ရွက်ပေးရန်၊ Master Plan ပါရှိအတိုင်း နွားများကျန်းမာရေးကောင်းမွန်စေရေး ဆောင်ရွက်ပေးကြရန်နှင့် မွေးမြူရေးဇုန်ထဲသို့ ဝင်ရောက်လာသောနွားများကို မည်ကဲ့သို့ထားရှိမည်ကို ဆောင်ရွက်ပေးကြရန်လိုအပ်ပါကြောင်း၊ လုပ်ငန်းများကိုလည်း တစ်လတစ်ကြိမ်တိုးတက်ရန်နှင့် မွေးမြူရေးလုပ်ငန်းရှင်များအားလုံးက လုပ်ငန်းများတိုးတက်အောင်ဆောင်ရွက်ပေးကြရန်လိုအပ်ပါကြောင်း၊ စံပြမွေးမြူရေးဇုန်ဖြစ်ရန်နှင့် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ နွားများကျန်းမာရေး ထိခိုက်မှုမရှိစေရန် ဂရုစိုက်ဆောင်ရွက်ပေးရန်နှင့် တစ်ဦးချင်းအောင်မြင်မှုရှိမှသာ မွေးမြူရေးဇုန် အောင်မြင်မှုရှိမှာဖြစ်ကြောင်း ဆွေးနွေးပြောကြားသွားသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးနှင့်တာဝန်ရှိသူများသည် မွေးမြူရေးဇုန်အတွင်း လုပ်ငန်းရှင်များမွေးမြူထားသော နို့စားနွားခြံ၊ ဒေသနွားခြံ၊ တိရစ္ဆာန်အစာချဥ်ဖတ်ကန်၊ နွားအစာစပ်ရုံနှင့် ငါးကန်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ဖြည့်စွက်၍ လုပ်ငန်းရှင်များအား မှာကြားခဲ့ကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး