တောင်ကြီး အောက်တိုဘာ-၁၃
၂၀၂၅ခုနှစ် ဒီဇင်ဘာလတွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပတော့မည် ဖြစ်၍ လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲဖြစ်ရန်နှင့် ပြည်သူများလွတ်လပ်စွာ မဲပေးနိုင်ခွင့်ရရှိရေးအတွက် အောက်တိုဘာလ (၁၃)ရက် နံနက်(၉) နာရီက မဲစာရင်းမှန်ကန်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က ရှမ်းပြည်နယ် အတွင်း ရွေးကောက်ပွဲ အပိုင်း ၁ တွင် မြို့နယ် ၁၂ မြို့နယ်၌ ကျင်းပမည်ဖြစ်ပါကြောင်း၊ ပထမအကြိမ် မဲစာရင်းကပ်ခြင်းကို စက်တင်ဘာလ ၃၀ ရက်မှအောက်တိုဘာလ ၁၃ ရက်နေ့အထိ ကပ်ထားပြီးဖြစ်ပါကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် မဲစာရင်းများ ပိုမိုမှန်ကန်စေရေး၊ နိုင်ငံသားမဲပေးပိုင်ခွင့်ရှိသူများ မကျန်ရှိစေရေး၊ မဲစာရင်းတွင်မပါဝင်သင့်သူများ မပါဝင်ရေးတို့အတွက် ဆောင်ရွက်ရန်ရှိသည့်ကိစ္စရပ်များဆောင်ရွက်နိုင်ရန် မဲစာရင်းကပ်ထားခြင်း အား အောက်တိုဘာလ ၂၀ ရက်နေ့အထိ ၇ ရက် ထပ်မံတိုးမြှင့် ကပ်ထားပေးရန် ထုတ်ပြန်ကြေငြာ ထားပါကြောင်း၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပြည်သူများအနေဖြင့် မဲစာရင်းတွင် မပါရှိပါက ပုံစံ(၃)ဖြင့် လျှောက်ထားနိုင်ကြောင်း၊ မဲစာရင်းတွင် မပါဝင်သင့်သူများပါနေပါက ပုံစံ ၄ ဖြင့် ကန့်ကွက်နိုင်ကြောင်း၊ ပြည်သူများ မဲစာရင်းလာရောက်ကြည့်ရှုပြီး ဆောင်ရွက်ရန်ကိစ္စများ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာမြို့နယ် ၊ရပ်ကွက်၊ကျေးရွာကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၏ အခန်းကဏ္ဍသည် အရေးကြီးပါကြောင်း၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မဲစာရင်းတွင် ကျန်ရှိမှုမရှိစေရေး၊ မဲပေးပိုင်ခွင့်မရှိသူများ မဲစာရင်းတွင်ပါဝင်မှုမရှိစေရေးနှင့် မဲစာရင်းမှန်ကန်ရေးအတွက် မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာကော်မရှင်အဖွဲ့ခွဲများမှ တာဝန်ရှိသူများက စနစ်တကျ စိစစ်ခြင်း၊ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ခြင်းများကို အလေးထားဆောင်ရွက်ကြရန် မှာကြားလိုကြောင်း၊ လွတ်လပ် ပြီးတရားမျှတသောရွေးကောက်ပွဲဖြစ်ရန်အတွက် မဲစာရင်းမှန်ကန်ရေးသည် အရေးကြီးပါကြောင်း၊ ရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ ပြည်သူလူထုမှ သိရှိလိုသည်များမေးမြန်းနိုင်ရန် Call Centerများ ဖွင့်လှစ်ဆောင်ရွက်ပေးထားပြီးဖြစ်ပါကြောင်း၊ ပြည်သူလူထုများမှ ရွေးကောက်ပွဲ ဆိုင်ရာ ကိစ္စရပ် များနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းလာပါက ရှင်းလင်းတိကျစွာ ဖြေကြားပေးရန်လိုအပ်ပါကြောင်း၊ လာမည့်ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိပြီး မဲပေးရန် အရည်အချင်းနှင့်ကိုက်ညီသည့် ပြည်သူများ မဲလာရောက်ပေးနိုင်ရေးအတွက် အသိပညာပေး စည်းရုံးဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ရွေးကောက်ပွဲ အကြိုကာလတွင်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို အလေးအနက်ထားပြီး မြန်မြန် ဆန်ဆန်ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်းပြောကြားသည်။
ထို့နောက် ရှမ်းပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က လုံခြုံရေးဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ မဲစာရင်းမှန်ကန်ရေး စနစ်တကျစိစစ်ရေးကိစ္စရပ်များနှင့်စပ်လျဥ်း၍လည်းကောင်း၊ရှမ်းပြည်နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ပြည်နယ်ဦးစီးမှူးက မဲစာရင်းဆိုင်ရာ ညွှန်ကြားချက်များ နှင့်စပ်လျဉ်း၍လည်းကောင်း၊ ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူးက မဲစာရင်းဆိုင်ရာကိစ္စရပ်များ၊ ညွှန်ကြားချက်များနှင့်စပ်လျဥ်း၍လည်းကောင်း ဆွေးဆွေးတင်ပြ ကြသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာသည့် သက်ဆိုင်ရာပြည်နယ်၊ ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများမှဆွေးနွေးတင်ပြကြပြီး အထွေထွေဆွေးနွေးကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ရှမ်းပြည်နယ်အစိုးရရုံးတွင် ၂၀၂၅ ခုနှစ် အထွေထွေ‌ရွေးကေူာက်ပွဲ Call Center ဖွင့်လှစ်ထားရှိမှုအားကြည့်ရှု၍ လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
ထိုမှတစ်ဆင့် မြို့တော်ခန်းမ၌ကျင်းပသော ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာသဘာဝဘေး အန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ်အခမ်းအနားသို့ ရှမ်းပြည်နယ် ဝန်ကြီးချုပ်ဦးအောင်အောင် တက်ရောက်အမှာစကားပြောကြားရာ ငလျင်ကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးမှုများအတွက် နိုင်ငံတော်အစိုးရအနေဖြင့် ဘေးသင့်ပြည်သူအများအတွက် (၄၂.၀၉၄) ဘီလီယံကျော်၊ သေဆုံး၊ ဒဏ်ရာရသူများအတွက် (၁၆၀၅.၅၇၁) ဘီလီယံကျော်၊ ထိခိုက်ပျက်စီးနေအိမ်ပေါင်း(၅၁၄၀၂)လုံးအတွက် နေအိမ်များပြန်လည်တည်ဆောက်ရန် ငွေသားကျပ် (၁၆၀၅.၅၇၁) ဘီလီယံကျော်နှင့်အိမ်ဆောက်ပစ္စည်း (၅)မျိုးအတွက် တန်ဖိုးငွေ ကျပ်(၁၀၀၈) ဘီလီယံကို ထောက်ပံ့ပေးခဲ့သည့်အပြင် ဌာဆိုင်ရာရုံးများ၊ ဝန်ထမ်းအိမ်ရာများနှင့် စာသင်ကျောင်းများအတွက် ယာယီကွန်တိန် နာ(၉၅၁၀)လုံး၊ ယာယီနေအိမ် (၃၀၉၉)လုံးနှင့် ယာယီစာသင်ဆောင်(၆၄)လုံး ဆောက်လုပ်ပေးခဲ့ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို လည်းရာနှုန်းပြည့်နီးပါးပြီးစီးအောင် အမြန်ဆုံးစီမံခန့်ခွဲဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ ရှမ်းပြည်နယ် အနေဖြင့် ၂၀၂၄- ၂၀၂၅ ဘဏ္ဍာနှစ်အတွင်း သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှုအကြိမ်ပေါင်း (၁၆၀)ကြိမ်တွင်အိမ်ထောင်စုပေါင်း(၂၂၆၀၆)စု၊ လူဦးရေ(၆၀၉၅၁)ဦးဘေးဒုက္ခတွေ့ကြုံခဲ့ရပြီး ထိခိုက်ပျက်စီးဆုံးရှုံးမှုများပြားခဲ့သည်ကို ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၏ မှတ်တမ်းအချက်အလက်များအရသိရပါကြောင်းပြောကြားသည်။
ယင်းနောက် ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင်ဆုရရှိသည့် ကျောင်းသား၊ကျောင်းသူများအား ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးသန်းဦးလွင်တို့က ဆုများချီးမြှင့်ပေးအပ် ကြပြီးကုလသမဂ္ဂအထွေထွေအတွင်း ရေးမှူးချုပ်၏ သဝဏ်လွှာသတင်းစကားရုပ်သံ Video Message ကို ပြသသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်၍ ခန်းမအတွင်းခင်းကျင်းပြသထားသောသဘာဝဘေးအသိပညာပေးပြခန်း များကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်းသိရှိရသည်။
ယင်းနောက် ညောင်ရွှေမြို့နယ်၊ ကျော့မောင်ငယ် ကျေးရွာတွင် ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးစံကွက်ရိတ်သိမ်းပွဲနှင့် လယ်သီးထပ်ဆီနေကြာမျိုးစေ့၊ သွင်းအားစုထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများကတက်ရောက်ကြသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က ရှမ်းပြည်နယ်သည် စပါး၊ အစေ့ထုတ်ပြောင်း၊ ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာ၊ ဆီမုံညင်း၊ ပန်းနှမ်း၊ ပဲမျိုးစုံဖြစ်သည့် ပဲပုပ်၊ ပဲတီစိမ်း၊ ပဲစဥ်းငုံသီးနှံများအပြင်ကော်ဖီ၊ လက်ဖက်၊ ထောပတ်၊ မက္ကဒေးမီးယားစသည့်သီးနှံများကို စိုက်ပျိုးထုတ်လုပ်လျက်ရှိသည့် ပြည်နယ်တစ်ခုဖြစ်ပါကြောင်း၊ စပါးသီးနှံအနေဖြင့်နှစ်စဥ် ဧက ၁၂ သိန်းကျော် စိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး လယ်စပါးဧက ၆ သိန်းကျော်၊ ယာစပါးဧက ၄ သိန်းကျော်နှင့် တောင်ယာ စပါး ဧက ၂ သိန်းခန့် စိုက်ပျိုးလျက်ရှိပါကြောင်း၊ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် မိုးစပါးဧက ၁၂ သိန်း ၅ သောင်း ကျော်စိုက်ပျိုးနိုင်ခဲ့ပြီး နွေစပါး ဧက ၃သောင်းခွဲ စိုက်ပျိုးရန်လျာထား ဆောင် ရွက်လျက်ရှိပါကြောင်း၊ညောင်ရွှေမြို့အနေဖြင့် မိုးစပါးဧက ၁ သောင်း ၄ထောင်ကျော် စိုက်ပျိုးထားရှိပြီး နွေစပါးဧက ၁ သောင်း ၄ ထောင်ကျော် စိုက်ပျိုးရန်လျာထား ဆောင်ရွက်လျက်ရှိသည်ကို သိရပါ ကြောင်း၊ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ် အတွင်းရှိ တောင်သူများ လိုအပ်သောမျိုးစေ့နှင့်သွင်းအားစုများကို ရန်ပုံငွေရရှိမှုအပေါ်မူတည်ပြီး ကူညီပံ့ပိုးပေး သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးချိုနိုင်ထွန်း က မျိုးစေ့နှင့် သွင်းအားစုများပေးအပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူများက မျိုးစေ့နှင့်သွင်းအားစုများပေးအပ်ရာ တောင်သူအသီးသီးမှလက်ခံရယူကြပြီး တောင်သူများကိုယ်စားတောင်သူ ဦးမဲ က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ယင်းနောက် တက်ရောက်လာကြသည့် တောင်သူများမှ လိုအပ်ချက်အခက်အခဲများကို တင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ် က သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် တောင်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အမှတ်(၈၅)စက်မှုလယ်ယာစခန်း၊ ရွှေညောင်မြို့၊ စပါးရိတ်သိမ်းခြွေလှေ့စက်ဖြင့် စံကွက်ရိတ်သိမ်းခြွေလှေ့ခြင်း ကွင်းသရုပ်ပြသနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊မြို့လယ် သာသနာ့ဗိမာန်တော်၌ အေးသာယာမြို့ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံပြည်သူများနှင့်တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က အေးသာယာမြို့သည် တောင်ကြီးမြို့နှင့်တစ်ဆက်တစ်စပ်တည်းရှိသည့်မြို့တစ်မြို့ဖြစ်ပါကြောင်း၊အေးသာယာမြို့ဖွံ့ဖြိုးရေးလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်ချက်များဖြည့်ဆည်းဆောင်ရွက်ပေးရန် လာရောက်ခြင်းဖြစ်ပါကြောင်း၊အေးသာယာမြို့ပေါ်တွင်နေထိုင်ကြသည့် ပြည်သူများအတွက် လိုအပ်သော လမ်းများ၊ ရေနုတ် မြောင်းများကောင်းမွန်စေရေး၊စာသင်ကျောင်းများနှင့် လိုအပ်သည့် ဆရာ၊ဆရာမများကိုလည်းဆောင် ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊မြို့၏ လိုအပ် ချက်များကို ဦးစားပေးအလိုက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ မြို့ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကိုတင်ပြပေးကြရန်ပြောကြား သည်။
ထို့နောက် တွေဆုံပွဲသို့ တက်ရောက်လာကြသည့် ရပ်မိရပ်ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ ဒေသလိုအပ်ချက်များတင်ပြကြရာ သက်ဆိုင်ရာဌာနများနှင့် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့က တင်ပြချက် များအပေါ် ပြန်လည်ရှင်းလင်းပြောကြားပြီးပြည်နယ်ဝန်ကြီးချုပ်က ရပ်မိ၊ ရပ်ဖ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၏ မြို့လိုအပ်ချက်များတင်ပြမှု အပေါ် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီးနိဂုံးချုပ်စကားပြောကြားခဲ့ကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး