ညောင်ရွှေ အောက်တိုဘာ-၉
အင်းလေးဖောင်တော်ဦး ရုပ်ရှင်တော်မြတ်စွာဘုရားများ အင်းလေးဒေသ(၂၁)ဌာနသို့ ကြွချီပူဇော်ခံပြီး အောက်တိုဘာလ(၉)ရက် နံနက်(၉)နာရီအချိန်က မူလစံကျောင်းတော်သို့ပြန်လည် ကြွဝင်ခြင်းအခမ်းအနားကျင်းပရာ ရှေးဦးစွာ အင်းလေးဒေသဆွမ်းပို့လှေများ၊ လှေယာဉ်အလှအက အဖွဲ့များက ဖျော်ဖြေတင်ဆက်ကြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာန ချုပ် တိုင်းမှူးနှင့်ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများ၊ ဒေသခံပြည်သူများ၊ ပွဲတော်လာ ဘုရားဖူးဧည့်သည်များက ကြည့်ရှုအားပေးကြသည်။
ထို့နောက် အင်းလေးဖောင်တော်ဦး ရုပ်ရှင်တော်မြတ်စွာဘုရားများအား ကရဝိက် ဖောင်တော် ဖြင့်ပင့်ဆောင်လာရာ ရုပ်ပွားတော်မြတ် ပထမတစ်ဆူကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် ပြည်နယ်ဝန်ကြီးများကလည်းကောင်း၊ ဒုတိယအဆူကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများကလည်းကောင်း၊ တတိယအဆူကို ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်တိုင်းရင်းသားရေးရာ ဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးတို့ကလည်းကောင်း၊ စတုတ္ထအဆူကို ကလောစစ်ဦးစီး တက္ကသိုလ် ကျောင်းအုပ်ကြီးနှင့် ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာများက လည်းကောင်း မူလကိန်းဝပ်စံပယ်တော်မူသည့် ရတနာစံကျောင်းတော်ရှိ ပလ္လင်တော်ပေါ်သို့ ပြန်လည်ပင့်ဆောင်ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်ဇနီး၊ တာဝန်ရှိသူများက ဖောင်တော်ဦး ရုပ်ရှင်တော်မြတ်စွာဘုရားအား ဆွမ်း၊ ပန်း၊ ရေချမ်း ၊ ရွှေသင်္ကန်းများ ဆက်ကပ်လှူဒါန်းကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အင်းလေးဖောင်တော်ဦး ရုပ်ရှင်တော်မြတ်စွာဘုရားများ အင်းလေးဒေသ (၂၁)ဌာနသို့ ကြွချီရာတွင် ဆက်ကပ်ကြသော ကြာသင်္ကန်းများအား တက်ရောက်လာကြသည့် တာဝန်ရှိသူများကို ဝေငှပေးသည်။
ထို့နောက် အင်းလေးဒေသ သာလေးကျေးရွာအုပ်စု နမ့်ဟူးကျောင်းဆောင်၌ ဖောင်တော်ဦးရုပ်ရှင်တော်မြတ်စွာဘုရား မူလကိန်းဝပ်စံပယ်တော်မူသော စံကျောင်းတော်ဝင်ပွဲ ကျင်းပရာ ဆရာတော်၊ သံဃာတော်များနှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ် အမှူးပြု သော ဧည့်ပရိသတ်တို့က နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ပြီး နိုင်ငံတော်သြဝါဒါ စရိယ၊ ညောင်ရွှေမြို့နယ်၊ မိုင်းသောက်ကျေးရွာ၊ မိုင်းသောက် ပထမစာသင်တိုက်၊ ဦးစီးပဓာနနာယက၊ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တသုမင်္ဂလာဘိဝံသ မိုင်းသောက်ဆရာတော်ကြီးထံမှ ငါးပါးသီလခံ ယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားချီးမြှင့် တော်မူအပ်သော ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။၊
ယင်းနောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့်ဇနီး၊ ဒုတိယတိုင်းမှူးနှင့်ဇနီး၊ စစ်ဦးစီး တက္ကသိုလ်ကျောင်းအုပ်ကြီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ပြည်နယ်ရဲတပ်ဖွဲ့မှူးတို့က လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းပေးကြပြီး နိုင်ငံတော်သြဝါဒါစရိယ မိုင်းသောက်ပထမစာသင်တိုက်ဦးစီးပဓာန နာယက အဘိဓဇမဟာရဋ္ဌ ဂုရုဘဒ္ဒန္တသုမင်္ဂလာဘိဝံသ မိုင်းသောက် ဆရာတော်ကြီးထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ရုပ်သိမ်းလိုက်ကြောင်းသိရှိရသည်။
ဆက်လက်၍ အင်းသားရိုးရာလှေလှော်ပြိုင်ပွဲအမျိုးသမီး(၂၆)တက်၊ အမျိုးသား(၄၆)တက်၊ တစ်ဦးချင်းလှေလှော်ပြိုင်ပွဲ၊ အမျိုးသားရာကျော် လှေလှော်ပြိုင်ပွဲအကြိုဗိုလ်လုပွဲနှင့် ဗိုလ်လုပွဲ စတင်ယှဥ်ပြိုင်နေမှုကို ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်ဇနီး၊ တာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသား ပြည်သူများ၊ ဘုရားဖူးလာပြည်သူများက ကြည့်ရှုအားပေးကြသည်။
ထို့နောက် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ ဆွမ်းပို့လှေ၊ လှေယာဉ်ဂုဏ်ပြုဆုကို တာဝန်ရှိသူများကလည်းကောင်း၊ တစ်ဦးချင်းလှေပြိုင်ပွဲတွင် ဒုတိယဆုနှင့် ပထမဆု ရရှိသူများကို ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့ကလည်းကောင်း၊ ကျောင်းသား (၂၆)တက် ပြိုင်ပွဲတွင် နှစ်သိမ့်ဆု၊ ဒုတိယဆုနှင့် ပထမဆုရရှိအသင်းများကို ပြည်နယ်ဝန်ကြီးများက လည်းကောင်း၊ အမျိုးသမီး(၂၆)တက်ပြိုင်ပွဲတွင် နှစ်သိမ့်ဆု၊ ဒုတိယဆုနှင့် ပထမဆုရရှိအသင်းများကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၏ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၏ ဇနီးနှင့် တိုင်းမှူး၏ဇနီးတို့ကလည်းကောင်း၊ အမျိုးသား(၄၆)တက်ပြိုင်ပွဲတွင် နှစ်သိမ့်ဆု၊ ဒုတိယဆု နှင့် ပထမဆုရရှိအသင်းများကို ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ကလောစစ်ဦးစီး တက္ကသိုလ် ကျောင်းအုပ်ကြီးနှင့် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးတို့ကလည်းကောင်း၊ အမျိုးသားရာကျော် လှေလှော်ပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိသူများကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးကလည်းကောင်း၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က အမျိုးသားရာကျော် လှေလှော်ပြိုင်ပွဲတွင် ဒုတိယဆုနှင့် ပထမဆုရရှိသည့် အသင်းများအား ဆုများ ချီးမြှင့်ပေးအပ်ပြီး လည်းကောင်း ဆုများချီးမြှင့်ပေးကြပြီးနောက် အင်းသားရိုးရာပြိုင်ပွဲကို နောင်အင်းလေးသီချင်းဖြင့် အောင်မြင်စွာ ရုပ်သိမ်းလိုက်ကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး