တောင်ကြီး အောက်တိုဘာ-၆
တောင်ကြီးမြို့ကျက်သရေဆောင် စူဠာမုနိလောကချမ်းသာစေတီတော်ကြီး၌ သီတင်းကျွတ် လပြည့်(အဘိဓမ္မာအခါတော်နေ့)တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ကကြီးမှူးကျင်းပသော (၇) ရက် တိုင်တိုင် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲဖွင့်ပွဲကို အောက်တိုဘာလ(၆)ရက်၊ နံနက်(၆) နာရီခွဲက တောင်ကြီးမြို့၊ စူဠာမုနိလောကချမ်းသာစေတီတော်ဓမ္မာရုံ၌ ကျင်းပသည်။
ဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က စူဠာမုနိ လောကချမ်းသာစေတီတော်ဓမ္မာရုံရှိ ဗုဒ္ဓမြတ်စွာဘုရားအား ပန်း၊ ရေချမ်း၊ ဆွမ်း၊ ဆီမီး ဆက်ကပ်လှူဒါန်းပြီး ဆရာတော်၊ သံဃာတော်များအား ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့်ဇနီး ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများက အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းပေးကြသည်။
ထို့နောက် ဆရာတော်၊ သံဃာတော်ကြီးများနှင့် ပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိ
သတ်အပေါင်းတို့က နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ပြီး တောင်ကြီးမြို့၊ သီရိမင်္ဂလာရပ်မူကျောင်းတိုက်မှ အရှင်သီဟဥာဏက ရောင်ခြည်တော်ဖွင့်ဂါထာဖြင့် ဘုရားပင့်၍ နိုင်ငံတော်သြဝါဒါစရိယ၊ တောင်ကြီးမြို့ စွန်းလွန်းဂူကမ္မဋ္ဌာန်းကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ မဟာကမ္မဋ္ဌာနာစရိယ နိုင်ငံတော်သြဝါဒစရိယ ဘဒ္ဒန္တအဂ္ဂဓမ္မာဘိဝံသ ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ပရိတ်တရားတော်များ နားယူကြည်ညိုကာ တောင်ကြီးမြို့၊ အောင်ဗောဓိမြရတနာကျောင်းတိုက်မှ အရှင်ဓမ္မိဿရက ပဋ္ဌာန်းတရားနာကြားရန် နတ်၊ ဗြဟ္မာများ အား ပင့်ဖိတ်သည်။
ဆက်လက်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများက ဆရာတော်၊ သံဃာတော်များအား လှူဘွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပေးကြပြီး ရှမ်းပြည်နယ်သံဃာနာယကအဖွဲ့ဥက္ကဋ္ဌ တောင်ကြီးမြို့သိမ်တောင်ပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတဘဒ္ဒန္တတေဇဝန္တထံမှ လှူဒါန်းမှုအစုစုတို့အတွက် အနုမော ဒနာတရားနာယူကြည်ညို၍ ရေစက်သွန်းချအမျှပေးဝေကြသည်။
ယင်းနောက် တောင်ကြီးမြို့ သိမ်တောင်ကျောင်းတိုက်မှ အရှင်မာဏဝက ပဋ္ဌာန်းအမွှမ်း ဖတ်ကြားပူဇော်၍ ဆရာတော်၊ သံဃာတော်များနှင့် ပရိသတ်များက ပဋ္ဌာန်းပစ္စယုဒ္ဒေသပါဠိတော် (အကျဥ်း)ကို ရွတ်ဖတ်ပူဇော်ခြင်းနှင့် ပဌာနဘာဏကသံဃာတော်များက ပဋ္ဌာန်းကျမ်းမြတ် ဒေသနာတော်ကို အလှည့်ကျရွတ်ဖတ်ပူဇော်ကြကြောင်း သိရှိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် စူဠာမုနိလောကချမ်းသာ ဘုရားစေတီတော်ရှိ ဗုဒ္ဓမြတ်စွာဘုရားအား ပန်း၊ ရေချမ်း၊ ဆီမီးဆက်ကပ်လှူဒါန်းပြီး ဘုရားအား လှည့်လည်ဖူးမြော်၍ ဝါလကင်းလွတ်သီတင်းကျွတ် (အဘိဓမ္မာအခါတော်နေ့)တွင် အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးလာကြသော ပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်စကား ပြောကြားကြောင်း သိရသည်။
အဆိုပါ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို အောက်တိုဘာလ (၆)ရက်မှ (၁၂)ရက်အထိ (၇)ရက် တိုင်တိုင် ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး