တောင်ကြီး အောက်တိုဘာ-၅
ရှမ်းပြည်နယ်(တောင်ပိုင်း) ၂၀၂၅ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်နှင့် မြတ်ဆရာ ပူဇော်ပွဲကို အောက်တိုဘာလ(၅)ရက်၊ နံနက်(၉)နာရီက တောင်ကြီးမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ဒေါ်ခင်သိန်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူ လေးများက“မြတ်ဆရာ´´သီချင်းဖြင့်သီဆိုဂါရဝပြုဖျော်ဖြေကြသည်။
ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသတိုးမဟာသရေစည်သူသတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာကို ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်ကဖတ်ကြားပြီး ၂၀၂၅ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ကမ္ဘာ့ကုလသမဂ္ဂ၊ ယူနက်စကိုကပေးပို့သည့်သဝဏ်လွှာကို ရှမ်းပြည်နယ်ပြည်နယ်ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူးဒေါ်ယဥ်မင်းစုက ဖတ်ကြားသည်။
ထို့နောက် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် ပြည်နယ်အဆင့် အထက်တန်းအဆင့်၊ အလယ် တန်းအဆင့်စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲဆုရ ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ရာ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က ဆုရကျောင်းသား၊ ကျောင်းသူများနှင့် ဖျော်ဖြေရေးအဖွဲ့များအား ဆုနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးက ဆုရကျောင်းသားကျောင်သူများကိုလည်းကောင်း ဆုများချီးမြှင့်ပေးအပ်ကြပြီး အမှတ်(၅) အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက“လမ်းပြကြယ်´´ သီချင်းဖြင့်လည်းကောင်း၊ အခြေခံပညာကျောင်းများမှဆရာမများက “ပန်းကလေးများရဲ့ ဥယျာဥ်မှူး” သီချင်းဖြင့်လည်းကောင်း သီဆို၊ ကပြဂါရဝပြုဖျော်ဖြေတင်ဆက်ကြသည်။
ယင်းနောက် ကန်တော့ခံဆရာကြီး၊ ဆရာမကြီးများအား ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများက နေရာအရောက်ကန်တော့ဂါရဝပြုငွေများပေးအပ်ခဲ့ကြပြီး အခမ်းအနား တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်၍ ပြည်နယ်ဝန်ကြီးချုပ်က ကပြဖျော်ဖြေ ပေးကြသည့် အခြေခံပညာကျောင်းများမှ ဆရာမများအား ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်ခဲ့ကြောင်းသိရသည်။
ယင်းနောက် အခမ်းအနားဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ တောင်ကြီးမြို့၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက “အနန္တငါးဖြာ မြတ်ဆရာ” သီချင်းဖြင့် သီဆိုဂါရဝပြုပြီး ကန်တော့ခံဆရာကြီး၊ ဆရာမကြီးများအား ကန်တော့ချိုးဖြင့် ရှိခိုးပူဇော် ကန်တော့ကြသည်။
ဆက်လက်၍ စာရေးဆရာမ ငွေခြည်လင်းလက် (မြန်မာစာ)ရေးသားသည့် ဆရာကြီး၊ ဆရာမကြီးများ၏ ကျေးဇူးဂုဏ်တော်ချီးမွမ်းခန်းကို အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ Grade-12 ကျောင်းသူ မအိဖြိုးခိုင်မှ ဖတ်ကြားပူဇော်ပြီး ကန်တော့ခံဆရာကြီး၊ ဆရာမကြီးများအား ကန်တော့ဂါရဝပြုငွေများပေးအပ်သည်။
ယင်းနောက် ကန်တော့ခံဆရာကြီး၊ ဆရာမကြီး(၁)ဦးမှ ဩဝါဒ ဆုပေးစကားချီးမြှင့်ပြီး ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီးများအား အခြေခံပညာ ဆရာ/ဆရာမ များမှ “အာစရိယဂုဏော အနန္တော” သီချင်းဖြင့် သီဆို ဂါရဝပြုခဲ့ကြောင်း သိရသည်။
အဆိုပါကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်နှင့် မြတ်ဆရာပူဇော်ပွဲတွင် ကန်တော့ခံဆရာကြီး၊ ဆရာမကြီးစုစုပေါင်း(၁၀၅)ဦးရှိသည့်အနက် ဆရာကြီး၊ ဆရာမကြီး(၂၅)ဦး တက်ရောက် ကန်တော့ခံ၍ ကျန်သည့်ဆရာကြီး၊ ဆရာမကြီးများကို အဝေးရောက်ကန်တော့သွားမည် ဖြစ်ကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး