
မောက်မယ် စက်တင်ဘာ ၂၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ၂၀၂၅ခုနှစ်မြို့နယ်စီမံခန့်ခွဲရေး နှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာအုပ်စုပေါင်းစုံ အလွတ်တန်းအမျိုးသား ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို နမ့်ယွမ်းဂေါက်ကွင်း၌ စက်တင်ဘာ၂၈ရက် ညနေ၃နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအမျိုးသားဘောလုံးပြိုင်ပွဲတွင် အသင်းပေါင်း(၈)သင်း ဝင်ရောက်ယှဉ်ပြိုင်ကစားကြပြီး နောက်ဆုံးဗိုလ်လုပွဲတွင် ကုန်းလမ်းရပ်ကွက်အသင်းက ပညာရေးအသင်းကို(၂)ဂိုး(၁)ဂိုးဖြင့် အနိုင်ရရှိပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင် နှင့်တာဝန်ရှိသူများက ငွေသားဆုနှင့်ဆုဖလားများ၊ အကောင်းဆုံးဂိုးသမားဆု၊ အကောင်းဆုံး နောက်တန်းအားကစားသမားဆု၊ အကောင်းဆုံးအလယ်တန်းအားကစားသမားဆု၊ အကောင်းဆုံး ရှေ့တန်းအားကစားသမားဆု၊ ပွဲစဉ်တစ်လျောက်အကောင်းဆုံးအားကစားသမားဆုများကို အသီးသီးဆု များချီးမြှင့်ပေးအပ်ပြီး ဆုပေးပွဲအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အားကစားဝါသနာရှင်များ တက်ရောက်ကြကြောင်းသိရသည်။
ဆက်လက်၍ မောက်မယ်မြို့နယ်တွင် ရှင်သာမဏေများအား ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှကင်းဝေးစေရန်အတွက်ရည်ရွယ်၍ အသက်(၁၅)နှစ် အောက်ရှင်သာမဏေများအား ဝက်သက်နှင့်ဂျိုက်သိုးရောဂါကာကွယ်ဆေးနှင့် ဂျပန်ဦးနှောက်ရောင် ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက်၈နာရီခွဲက အောင်မင်္ဂလာစာသင်တိုက်နှင့် ပရိယတ္တိ ပါဒကကျောင်းကြီးစာသင်တိုက်၌ ထိုးနှံပေးခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြမြသန်း၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာတာဝန်ကျသားဖွားဆရာမများ၊ သူနာပြုဆရာမများက ရှင်သာမဏေ အမည်စာရင်းရေးသွင်းခြင်း ကိုယ်အပူချိန်တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးကြပြီး အသက်(၁၅) နှစ်အောက်ရှင်သာမဏေများအား ဝက်သက်နှင့်ဂျိုက်သိုးရောဂါကာကွယ်ဆေးနှင့် ဂျပန်ဦးနှောက်ရောင် ရောဂါကာကွယ်ဆေးထိုးနှံခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး