ကလော စက်တင်ဘာ ၂၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ကလောမြို့နယ်၊မြင်းမထိကျေးရွာ၊ဘုန်းတော်ကြီးကျောင်း၌ စက်တင်ဘာ ၂၃ ရက် မွန်းလွှဲပိုင်းကမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိသူများက ကျန်းမာရေးအသိပညာ‌ပေးကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ကလောမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒေါက်တာခိုင်စုစုညိမ်းနှင့် ဝန်ထမ်းများကကျန်းမာရေးအသိပညာပေးခြင်း၊ ဆေးလိပ်ဆေးရွက်ကြီးအန္တရာယ်၊ ဘေးကင်းသော အစားအစာများ စားသောက်ခြင်း၊ အာဟာရမျှတစွာချက်ပြုတ်စားသောက်ခြင်း၊ ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသော ရောဂါများ အကြောင်း၊ကျားဖြန့်လိမ်လည်ခြင်းအကြောင်း တို့ကိုအသိပညာပေး ဟောပြောခဲ့ပြီး ၁၅ နှစ်အောက်သံဃာ‌ တော်များအား( JE )ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေး နှင့်(MR) ဝက်သက် ဂျိုက်သိုးရောဂါ ကာကွယ်ဆေးကာကွယ်ဆေးများထိုးနှံခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ဆက်လက်၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနှင့် ပညာ‌ရေးဦးစီးဌာနတို့ ပူးပေါင်း၍ အသက်(၁၇)နှစ်အောက် ကျောင်းပေါင်းစုံအမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို မွန်းလွှဲ ၂ ပိုင်းက မြို့နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ အလှူရှင်များ၊ဆရာ/မများ၊အုပ်ချုပ်သူ နည်းပြများနှင့်အားကစားသမားများ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ တတိယဆုအတွက် အ-ထ-က (၁)အသင်းနှင့်အ-ထ-က(၂)အသင်းတို့ယှဉ်ပြိုင်ကစားခဲ့ရာ အ-ထ-က(၂) အသင်းက အ-ထ-က(၁) အသင်းကို ၁ ဂိုး – ဂိုးမရှိဖြင့် တတိယဆု ကိုရရှိခဲ့ပြီးဗိုလ်လုပွဲအဖြစ် အောင်ပန်း ကိုယ်ပိုင်ကျောင်း(ခ)အသင်း နှင့် ဟဲဟိုးမြို့၊အင်းခေါင်း အ-ထ-က(၇) အသင်းတို့ယှဉ်ပြိုင်ကစားခဲ့ရာ ပွဲချိန်အပြီးတွင် တစ်ဖက် ၁ ဂိုးစီသွင်းထားသောကြောင့် ပိုင်နဒီအဆုံးအဖြတ်ဖြင့် တစ်ဖက် ကို ၅ လုံးစီ ကန်သွင်းခဲ့ပြီး ဟဲဟိုးမြို့ ၊အင်းခေါင်းအ-ထ-က(၇)အသင်းက ၄ ဂိုး- အောင်ပန်းမြို့ ကိုယ်ပိုင်ကျောင်း(ခ)အသင်းက ၃ ဂိုးဖြင့် အင်းခေါင်း အ-ထ-က(၇)အသင်းပထမဆု ရရှိခဲ့သည်။
ထို့နောက်ဆုချီးမြှင့်ပွဲအခမ်းအနားကိုကျင်းပခဲ့ရာ က မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်‌ရေးကော်မတီ ဥက္ကဌ ဦးစိုးသိန်းနှင့်အဖွဲ့ဝင်များ၊အလှူရှင် ဒေါက်တာ နန္ဒာလှမြင့်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ပထမဆု‌ (၅)သိန်းကျပ်နှင့်ဒိုင်းဆု၊ဒု တိယဆု(၃)သိန်းကျပ်နှင့် တစ်ဦးချင်း လယ်ဆွဲဆု၊ တတိယဆု(၂)သိန်းကျပ်နှင့် တစ်ဦးချင်းလယ်ဆွဲဆုရရှိသည့် အသင်းများနှင့် ပြိုင်ပွဲတွင် တစ်ဦးချင်းအကောင်းဆုံးကစားသမားဆု၊ အရှေ့တန်း၊ အလယ်တန်း၊အနောက်တန်းနှင့်အကောင်းဆုံးဂိုးသမားဆုတို့ကိုအသီးသီးပေးအပ်ချီးမြှင့်ပေးခဲ့သည်။
အဆိုပါဘောလုံးပြိုင်ပွဲတွင်ကလောမြို့နယ်ရှိ အခြေခံပညာကျောင်းများမှ ပြိုင်ပွဲဝင်(၁၆)သင်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲကို ၂၀၂၅ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့မှ စက်တင်ဘာလ ၂၂ ထိကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး