တောင်ကြီး စက်တင်ဘာ-၂၄
ရှမ်းပြည်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာလ(၂၄)ရက်၊ နံနက်(၉)နာရီက တောင်ကြီးမြို့၊ နောင်ကားကျေးရွာ ကျေးလက်ကျန်းမာရေးဌာန၌ ဒေသခံ ပြည်သူများအား မြို့နယ်ကျန်းမာရေးဌာနမှ ဆရာ၊ ဆရာမများက ကျန်းမာရေးစောင့်ရှောက် ပေးနေမှုများကို ကြည့်ရှုအားပေးစကားပြောကြား၍ လာရောက်ဆေးကုသနေသော ပြည်သူများအား ဆေးနှင့်အာဟာရပြည့်ပစ္စည်းများ ပေးအပ်ခဲ့ကြပြီး ကျေးလက်ကျန်းမာရေးဌာနအတွက် ပြည်နယ် ဝန်ကြီးချုပ်က ချီးမြှင့်ငွေများပေးအပ်ရာတာဝန်ရှိဆရာများက လက်ခံရယူကြသည်။
အဆိုပါ နောင်ကားကျေးရွာ၊ ကျေးလက်ကျန်းမာရေးဌာနတွင် အပတ်စဥ် ဗုဒ္ဓဟူးနေ့တိုင်း ဆီးချို၊ သွေးချိုနှလုံး၊ သွေးတိုးရောဂါနှင့် မကူးစက်တတ်သော ရောဂါများကို ကွင်းဆင်းကုသ ပေးကြကြောင်းသိရသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် တောင်ကြီးမြို့နယ် နားဟီး ကျေးရွာအုပ်စု၊ ထီရီးကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းသို့သွားရောက်၍ ထီရီးကျောင်းထိုင် ဆရာတော်ကြီးအား ဖူးမြော်ကြည်ညိုကာ လှူဖွယ်ဝတ္ထုပစ္စည်း၊ နဝကမ္မအလှူငွေများ၊ ဆွမ်းဆန်နှင့်ဆီတို့ကို ဆက်ကပ်လှူဒါန်းပေးကြသည်။
ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ပေးနိုင်ရန် တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့နှင့် ကျေးရွာအုပ်စုများရှိ ဒေသခံပြည်သူများနှင့် အဆိုပါကျောင်းတိုက်၌ တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က ပညာရေးကဏ္ဍ၊ ကျန်းမာရေး ကဏ္ဍနှင့် ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ပေးရန် လာရောက်ခြင်းဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရန်အတွက် တောင်သူများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများကို အောင်မြင်ဖြစ်ထွန်းအောင် စိုက်ပျိုးကြရန်လိုအပ်ပြီး၊ တစ်သီးမှနှစ်သီးရအောင် သီးထပ် စိုက်ပျိုးပေးကြရန်လိုအပ်ပါကြောင်း၊ တောင်သူများ ဝင်ငွေတိုးပွားမှသာ ဒေသဖွံ့ဖြိုးတိုးတက် မည်ဖြစ်ကြောင်း၊ လယ်ယာမြေပုံစံ(၇)ရရှိရေး၊ စိုက်ပျိုးရေရရှိရေးနှင့်မျိုးရရှိရေးတို့ကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ပညာရေးကဏ္ဍတွင် အခမဲ့ ပညာရေးစနစ်ဖြင့် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ စာသင်ကျောင်းနှင့် ကျောင်းများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကျန်းမာရေးကဏ္ဍသည် အရေးကြီးပြီး ကျန်းမာရေးကောင်းမှသာ လုပ်ငန်းများဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ တောင်သူများအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းကိစ္စရပ်များကို ပေါင်းစပ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးသည် အရေးကြီးပါကြောင်း၊ တည်ငြိမ်အေးချမ်းမှုရှိမှသာ ဒေသဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်း၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရေးဆောင်ရွက်ရမည့် ကိစ္စရပ်များကို ဆောင်ရွက် ပေးသွားမည်ဖြစ်ပြီး ဒေသရှိပြည်သူများအနေဖြင့် လိုအပ်ချက်များရှိပါက တင်ပြပေးကြရန်နှင့် လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် တောင်ကြီးမြို့နယ်ရှိ ကျေးရွာအုပ်စုများနှင့် ကျောက်တလုံးမြို့ရှိ ကျေးရွာအုပ်စုများမှ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဒေသခံရပ်မိရပ်ဖများက ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များတင်ပြကြရာ တင်ပြချက်များနှင့်စပ်လျဥ်း၍ သက်ဆိုင်ရာ ပြည်နယ်အဆင့်ဌာနများမှတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားကြပြီး ပြည်နယ် ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်းသိရသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က နိဂုံးချုပ်စကားပြောကြားရာ ဒေသဖွံ့ဖြိုးရးအတွက် ဆောင်ရွက်ပေးစေလိုသည့် ဆန္ဒနှင့်လာရောက် စောင့်ဆိုင်းပေးသည့် အတွက်ကျေးဇူးတင်ရှိပါကြောင်း၊ ဒေသဖွံ့ဖြိုးရေးအတွက် တင်ပြပေးကြသည့်အတွက် ကျေးဇူးတင်ရှိပြီး လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ရေးအတွက် စောလျင်စွာ တတ်နိုင်သမျှ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဒေသခံပြည်သူများ၏ တင်ပြချက်များကို မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့များက တင်ပြပေးကြရန်၊ ရေရရှိရေးလုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်ရမည့်ကိစ္စရပ်များဖြစ်၍ စနစ်တကျ စီမံဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ ဆက်သွယ်ရေးလုပ်ငန်းကိစ္စရပ်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်းနှင့် လုပ်ငန်းများကို ဦးစားပေးအလိုက် စီစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းပြောကြားပြီး ကျေးရွာများအတွက် ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ) ထီရီးတွင် စာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံအားပေးစကားပြောကြား၍ ထီရီးတိုးချဲ့ကျောင်းဆောင်တည်ဆောက်မည့် မြေနေရာအား သွားရောက်ကြည့်ရှုပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများအား ဖြည့်စွက် မှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် တောင်ကြီးမြို့နယ် နောင်သိမ်-ထီရီး-ထီးတန်ကျေးရွာချင်းဆက်လမ်း ၄/၄မိုင် အနက် ၂/၁.၆၅ မိုင် ကျောက်ခင်းပြီး အခြေအနေကို လည်းကောင်း၊ ၁/၅မိုင် ကတ္တရာခင်းပြီး ကျန်လမ်းပိုင်း ၂/၂-၃၅ မိုင်အနက် ၀/၄ မိုင် ကျောက်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကိုလည်းကောင်း၊ သွားရောက်ကြည့်ရှုရာ ပြည်နယ်ဖွံဖြိုးမှုကြီးကြပ်ရေးရုံးမှ ပြည်နယ်ဦးစီးမှူးက လုပ်ငန်းနှင့်စပ်လျဥ်း၍ ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က ကားလမ်းဘေးရှိရေနုတ်မြောင်းအကွေ့နေရာများကို ဖြောင့်အောင် ဆောင်ရွက်ပေးရန် မှာကြားခဲ့ပြီး တောင်ကြီးမြို့နယ်၊ နောင်ပစ် ကျေးရွာအုပ်စု၊ ပုံဆွေပင်-တခေါ့မွူး-ထီဖောင်း-ထီဖူးလမ်း ၄/၄ မိုင် အနက် ၁/၁မိုင် ကတ္တရာခင်းပြီးအခြေအနေကိုလည်းကောင်း၊ ဆောင်ရွက်ရန်ကျန်ရှိသည့် ၃/၃ မိုင်အနက် ၀/၃ မိုင် ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေကိုလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးရာ လုပ်ငန်းနှင့်စပ်လျဥ်း၍ ပြည်နယ်ဦးစီးမှူးက ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လမ်းများကို ရေရှည်ကောင်းမွန်စွာ အသုံပြုနိုင်ရန်အတွက် ဒေသခံပြည်သူများမှ ထိန်းသိမ်းပေးကြရန်နှင့် သနပ်ဖက်အစားထိုး ခါတော်မီ၊ ကော်ဖီပင်များစိုက်ပျိုးပေးကြရန် ဒေသခံပြည်သူများအား ဖြည့်စွက်မှာကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တောင်ကြီးမြို့နယ်၊ တခေါ့မှူးကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းသို့ သွားရောက်၍ RCC (၁) ထပ် ကျောင်းဆောင်ဆောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ဝန်ကြီးချုပ်က တာဝန်ယူဆောက်လုပ်သည့် ပြည့်ဖြိုးကြွယ်ကုမ္ပဏီမှ တာဝန်ရှိသူအား လိုအပ်သည်များ ဖြည့်စွက်မှာ ကြား၍ ဆောက်လုပ်နေသည့် ကျောင်းဆောင်သစ် နောက်ကျောရှိ မြေထိန်းနံရံကို ကြည့်ရှုပြီး လိုအပ်သည်များကိုဆောင်ရွက်ရန် လမ်းဦးစီးဌာနမှ တာဝန် သူအားမှာကြားခဲ့ပြီး အေးချမ်းပျော်ရွှင်စွာ စာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအားကြည့်ရှု၍ ခန်းမပါရှိမှုမရှိသဖြင့် စာသင်ခန်း(၃)ခန်းကို ခန်းမအဖြစ်ဆောင်ရွက်ရန် တာဝန်ရှိသူအားမှာကြားခဲ့ကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး