ကျေးသီး စက်တင်ဘာ ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း)မိုင်းရှူးခရိုင်ကျေးသီးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာအထက်တန်းကျောင်း ကျေးသီး (၁၈၀’×၃၀’)ပေ RCC နှစ်ထပ်(စကားဝါ)ကျောင်းဆောင်သစ်ဖွင့်ပွဲကို စက်တင်ဘာလ(၉)ရက်မွန်းလွဲ(၂)နာရီခွဲက အဆိုပါကျောင်း၌ ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က ကျေးသီးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း စကားဝါကျောင်းဆောင်သစ်၏ စီမံကိန်းတန်ဖိုးမှာ ကျပ်(၅၉၄)သန်းဖြစ်ပါကြောင်း၊ ကျေးသီးမြို့နယ်အတွင်း ယခုနှစ်တွင်ကျောင်းသားဦးရေ(၁၂၁၄၈)ဦး အထိ ပညာသင်ကြားလျက်ရှိပြီးကျောင်းနေနှုန်းမှာ(၇၈)ရာခိုင်နှုန်းဖြစ်ပါကြောင်း၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာ မေးပွဲအောင်ချက်အနေဖြင့်(၃၆)ရာခိုင်နှုန်းဖြစ်ပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်ချက်အနေဖြင့် (၂၁.၅၂)ရာခိုင်နှုန်း ဖြစ်ပါကြောင်း ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် စဉ်ဆက်မပြတ် ကြိုးစားလေ့လာသင်ကြားသင်ယူရန်တိုက်တွန်းပြောကြားလိုကြောင်း၊ ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ပြီး အောင်မြင်မှုများရရှိရေးအတွက် ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် မိဘများက တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ကြရန် ပြောကြားသည်။
ထို့နောက် ကျောင်းဆောင်သစ်အား ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်လုံခြုံ ရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့အတွင်း ရေးမှူးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ယင်းနောက်ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းဆောင်သစ် ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး ကဗ္ဗည်းမော်ကွန်းအား ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများကအမွေးနံသာရည်ပက်ဖျန်းပေးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အခြေခံပညာအထက်တန်းကျောင်း ဘင်ခရာတပ်ဖွဲ့နှင့် ကျောင်းအကျိုးတော်ဆောင်နှင့်ကျောင်းအုပ်ဆရာမကြီးအဖွဲ့တို့အား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ပြီး ကျောင်းဆောင်သစ်ရှိ စာသင်ခန်းမနှင့် ကျောင်းဆောင်ဟောင်းတို့အား လှည့်လည်ကြည့်ရှု ခဲ့ကြကြောင်းသိရသည်။
ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လားရှိုး-မယ်ဟန်-မိုင်းရယ်-ကျေးသီးလမ်း ဆောင် ရွက်နေမှုအား ကြည့်ရှုစစ်ဆေးရာ မိုင်းရှူးခရိုင် ကျေးသီးမြို့နယ်လမ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လမ်းလုပ်ငန်းများကို သတ်မှတ်ထားသည့်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီအောင် ဆောင်ရွက်ပေးရန်တာဝန်ရှိသူများအား ဖြည့်စွက်မှာကြား၍ လမ်းလုပ် ငန်းဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင် မိုင်းရယ်မြို့နယ်တွင် လားရှိုး(မယ်ဟန်)-မိုင်းရယ်-ကျေးသီးလမ်း ၇၁ မိုင် ၁ ဖာလုံ လမ်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးရာ ရှမ်းပြည်နယ်(မြောက်ပိုင်း) လမ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ၂၀၂၅- ၂၀ ၂၆ဘဏ္ဍာနှစ် ပြည်နယ်ငွေလုံးငွေရင်းနှင့် ပြည်နယ် ပြင်ဆင် ထိန်းသိမ်းခြင်း ရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများနှင့် စပ်လျဥ်း၍ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်စံချိန်စံညွှန်း၊ အရည်အသွေး ပြည့်မီအောင်ဆောင်ရွက်ရန်နှင့် သတ်မှတ်ကာလအတွင်း လုပ်ငန်းများပြီးစီးအောင် ဆောင်ရွက်ရန်မှာကြားခဲ့သည်။
ယင်းနောက် ပြည်နယ် ဝန်ကြီးချုပ်၊ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ရှမ်းပြည်နယ် (မြောက်ပိုင်း)တန့်ယန်းခရိုင်၊မိုင်းရယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မိုင်းရယ်မြို့နယ် ဌာနဆိုင်ရာများ၊ရပ်မိရပ်ဖများနှင့်တွေ့ဆုံရာ မိုင်းရယ်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ် ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးမင်းအောင်က မိုင်းရယ်မြို့နယ်၏ အုပ်ချုပ်ရေး၊စီးပွားရေးနှင့်လူမှုရေးဆိုင်ရာ ကဏ္ဍများအား ရှင်းလင်းတင်ပြ သည်။
ထို့နောက် တွေ့ဆုံပွဲသို့ တက်ရောက်လာသည့် ရပ်မိရပ်ဖများ၊ဌာနဆိုင်ရာများက ဒေသလိုအပ်ချက်များတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို သက်ဆိုင်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ရှမ်းပြည်နယ်(မြောက်ပိုင်း)ကို ဒေသလိုအပ်ချက်များ ဖြည့် ဆည်းဆောင်ရွက်ပေးနိုင်ရန် လာရောက် ခြင်းဖြစ်ပါကြောင်း၊ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက် ပွဲကို မကြာမီအချိန်တွင်ကျင်းပမည်ဖြစ်၍ အားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ရွေးကောက်ပွဲသည် လွတ်လပ် ပြီးတရားမျှတသောရွေးကောက်ပွဲဖြစ်ရန်နှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး လွတ်လပ်စွာ မဲပေးနိုင်ခွင့်ရှိမှာဖြစ်ကြောင်း၊နိုင်ငံသား မှန်ကန်ပါက နိုင်ငံသားစိစစ်ရေးကဒ်ပြားရှိမှသာမဲပေးနိုင်ခွင့် ရရှိမှာဖြစ်ကြောင်း၊ စီးပွားရေးကဏ္ဍတွင် ဆန်ဖူလုံမှုရှိပြီး မွေးမြူရေးကဏ္ဍတွင်လည်း မွေးမြူရေးလုပ်ငန်းများကို ပိုမိုတိုးမြှင့်ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ စိုက်ပျိုးရေးကဏ္ဍတွင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိလာသည့် ကုန်ကြမ်းများဖြင့် MSMEလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ပေးကြရန်လိုအပ်ပါကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရန်အတွက် တရားဥပဒေစိုးမိုးမှုရှိရန်လိုအပ်ပြီး တည်ငြိမ်အေးချမ်းမှုမရှိပါက ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ခက်ခဲပါကြောင်း၊ ပညာရေးကဏ္ဍတွင် ကျောင်းနေ အရွယ်ကလေးငယ်များ ကျောင်းနေနိုင်ရေးအတွက် ပညာရေးဌာနမှ တာဝန်ရှိသူများနှင့် ဒေသခံတိုင်းရင်းသား မိဘပြည်သူများက ကြိုးစားဆောင်ရွက်ကြရန်နှင့် ဒေသရှိကလေးများ ပညာတတ်ဖြစ်အောင် ဝ်ိုင်းဝန်းကြိုးစားပေးကြရန်ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က မိုင်းရယ်မြို့နယ်အဆင့်ဌာနဆိုင်ရာများ နှင့်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ကျေးရွာစာကြည့်တိုက် များ စာအုပ်စာစောင်များ ဖြည့်ဆည်းနိုင် ရန်အတွက် ချီးမြှင့်ငွေများပေးအပ်ရာ တာဝန်ရှိသူများမှ လက်ခံ ရယူကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး