လင်းခေး စက်တင်ဘာ ၃
လင်းခေးခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်ပညာရေး မှူးရုံးတို့မှ ဦးစီးကျင်းပသော မြို့နယ်ပညာရေးမှူး(ဖလား) အခြေခံပညာကျောင်းပေါင်းစုံ U-13 ၊ U-15 ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာလ ၃ ရက် ၊ နံနက်၈နာရီက လင်းခေးမြို့၊ ဝမ်လွိုင်ရပ်ကွက်၊ “ပြည်ငြိမ်းအေး” အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ရှေးဦးစွာ ပြိုင်ပွဲဝင်အားကစားသမား၊ ဘင်ခရာတပ်ဖွဲ့နှင့် ပန်းဖွားအဖွဲ့၊ ဖျော်ဖြေအဖွဲ့များမှ ဘောလုံးကွင်းအတွင်း နေရာယူပြီးနောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦး က ပြိုင်ပွဲကျင်းပရခြင်းနှင့်စပ်လျဉ်း၍ အမှာ စကားပြောကြား ခဲ့ပါသည်။ ယင်းနောက် စစ်ကြောင်းမှူးမှ ဦးဆောင်၍ အားကစား သစ္စာအဓိဋ္ဌာန်ရွတ်ဆိုပြီးနောက် တပ်နယ်(လင်းခေး) တပ်နယ်မှူး ဗိုလ်မှူးကြီးကျော်ထွန်းလတ်၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်ကိုဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးမင်းထက်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာအကြီးအကဲတို့က ပြိုင်ပွဲဝင်အားကစားသမား တို့အား လိုက်လံကြည့်ရှုအားပေးစကား ပြောကြားခဲ့ပါသည်။
ဆက်လက်၍ စစ်ကြောင်းမှူးမှ ဦးဆောင်၍ ပြိုင်ပွဲဝင်အသင်းများ ဘောလုံးကွင်းအတွင်းမှ ပြန်လည်ထွက်ခွားပြီးနောက် ဘင်ခရာတပ်ဖွဲ့နှင့် ပန်းဖွားအဖွဲ့၊ အထက(လင်းခေး) ကျောင်းသား/သူ တို့မှ Fitness Dance ၊ အလက(ခွဲ)တောင်ရွာကျောင်းသား/သူတို့မှ “ပြည်ထောင်စု၏ထာဝရ”၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် အထက(လင်းခေး) ကျောင်းသား/သူတို့မှ “ရှမ်းရိုးမရဲ့ အိုးစည်သံ”၊ “တောင်ယာဝင်ချိန်” သီချင်းများဖြင့် အသီးသီး ကပြဖျော်ဖြေခဲ့ရာ တပ်နယ်မှူး၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ပညာရေးမှူးတို့မှ ဂုဏ်ပြုဆုငွေများ အသီးအသီးချီးမြှင့်ခဲ့ကြပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြပါသည်။
ထို့နောက် ပထမဦးဆုံးပွဲစဉ်အဖြစ် အထက(လင်းခေး)နှင့် အထက(ဝမ်ဟတ်) ယှဉ်ပြိုင်ကစား နေမှုအား တာဝန်ရှိသူတို့မှ လှည့်လှည်ကြည့်ရှုအားပေးခဲ့ကြပါသည်။ အခြေခံပညာ ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲကို (၃-၉-၂၀၂၅)ရက်နေ့မှ(၁၂-၉-၂၀၂၅)ရက်နေ့အထိ U-13 ပြိုင်ပွဲအသင်း(၈)နှင့် U-15 ပြိုင်ပွဲအသင်း(၇) တို့မှ ပွဲစဉ်ဇယားအတိုင်း အသီးသီးယှဉ်ပြိုင်ကစားကြမည်ဖြစ်ပါသည်။
၎င်းနောက် မောက်မယ်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီ၊ ဥက္ကဋ္ဌ ( မြို့နယ်အုပ်ချုပ်ရေးမှူး ) ဦးမင်းသက်နိုင်သည် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တို့ပါဝင် သည့်ဌာန(၃)ခုတို့မှ ၂၀၂၅ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပမည့်ရွေးကောက်ပွဲအတွက် အသုံးပြုမည့် မဲစာရင်းများစနစ်တကျပြုစုနိုင်ရန်အတွက် အသက်(၁၈)နှစ်နှင့်အထက်အတည်ပြု လူဦးရေစာရင်း များအားစိစစ်ဆောင်ရွက်၍ သတ်မှတ်ပုံစံများအတိုင်းပြုစုပေးပို့နိုင်ရေး ဆောင်ရွက်နေမှုအခြေအနေ အားကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို သက်ဆိုင်ရာဌာနတာဝန်ရှိသူများအား ဆွေးနွေးမှာကြား ခဲ့ပါသည်။
ပြီးနောက် မိုင်းပန်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးဟန်ဇော်မြင့်သည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နမ့်ပန်ခန်းမ အစည်းအဝေးခန်းမ၌ နေ့လည် ၂ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်လူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့ပါဝင်သည့်ဌာန (၃) ခုတို့နှင့်ရပ်ကွက်/ကျေးရွာအုပ်စုစာရေးဝန်ထမ်းများမှ ၂၀၂၅ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပမည့်ရွေး ကောက်ပွဲအတွက် အသုံးပြုမည့်မဲစာရင်းများစနစ်တကျပြုစုနိုင်ရန်အတွက် အသက်(၁၈)နှစ်အထက် အတည်ပြု လူဦးရေစာရင်းများအား သတ်မှတ်ပုံစံများအတိုင်း ပြုစုပေးပို့နိုင်ရေး စာရင်းပြုစု ဆောင်ရွက်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို သက်ဆိုင်ရာဌာနတာဝန်ရှိ သူများအား ဆွေးနွေးမှာကြားခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး