
ဆီဆိုင် စက်တင်ဘာ-၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် နယ်မြေ ဒေသအခြေအနေအရ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလမှစ၍ ယာယီရပ်ဆိုင်းထားခဲ့ရသည့် မြန်မာ့စီးပွားရေး ဘဏ်ခွဲကို စက်တင်ဘာလ ၁ ရက်နေ့ နံနက် ၉ နာရီက ပြန်လည်ဖွင့်လှစ်ပြီး ဘဏ်ဝန်ဆောင်မှုလုပ်ငန်း များအား စတင်ဆောင်ရွက်ပေးလျက်ရှိသည်။
ယာယီရပ်ဆိုင်းထားခဲ့ရသည့် ဆီဆိုင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲ ပြန်လည်ဖွင့်လှစ်ပွဲ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စီပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်က အမှာစကား ပြောကြားရာတွင် နယ်မြေဒေသအခြေအနေအရ ယာယီရပ်ဆိုင်းထားခဲ့ရသည့် ဆီဆိုင်မြို့နယ်ရှိ မြန်မာ့ စီးပွားရေးဘဏ်ခွဲအား ယခုလို ပြန်လည်ဖွင့်လှစ်နိုင်ခဲ့သည့်အတွက် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်ရေးကို အထောက်အကူပြုစေမည်ဖြစ်ပါကြောင်းနှင့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ ပင်စင် လစာထုတ်ယူမှု၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ တပ်ရင်းတပ်ဖွဲ့ဝင်များတို့၏ လစာထုတ်ယူမှုတို့ကို အဆင်ပြေ စေမည်ဖြစ်ပါကြောင်း ပြောကြားသည်။ ထို့နောက် ရှမ်းပြည်နယ်၊ မြန်မာ့စီးပွားရေးဘဏ်မှ ပြည်နယ် မန်နေဂျာ ဦးအောင်မျိုးထွန်းက ဘဏ်လုပ်ငန်းများပြန်လည်လည်ပတ်နိုင်ရေး ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ပြည်နယ်စီးပွားရေးဝန်ကြီးနှင့် တာဝန်ရှိသူတို့က ဆီဆိုင်မြို့နယ် မြန်မာ့စီးပွားရေး ဘဏ်ခွဲ ရုံးဆိုင်းဘုတ်အား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်း၍ ဖွင့်လှစ်ပေးကြပြီး တက်ရောက်လာကြသည့် ယဉ်ကျေးမှုအဖွဲ့များနှင့် ကျောင်းသားကျောင်းသူအကအဖွဲ့တို့အား ဆုငွေများ ပေးအပ်ခဲ့သည်။ ပြီးနောက် ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိတို့သည် ဘဏ်အတွင်း၌ ဘဏ်ဝန်ဆောင်မှု လုပ်ငန်းများ ပြန်လည်ဆောင်ရွက်ပေးနေမှုများကို လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များကို လမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး