
တောင်ကြီး စက်တင်ဘာ ၈
ယူနက်စကို အဖွဲ့ချုပ်ကြီးက ကမ္ဘ့ာစာတတ်မြောက် ရေးကွန်ဂရက် စတင်ကျင်းပခဲ့သည့် စက်တင်ဘာလ (၈) ရက်နေ့ကို နိုင်ငံတကာစာတတ်မြောက်ရေးနေ့အဖြစ် သတ်မှတ်ပြဌာန်းပေးခဲ့ပြီး နိုင်ငံအသီးသီးတွင် အထိမ်းအမှတ်အခမ်းအနားများ နှစ်စဥ်ကျင်းပလျက်ရှိရာ ယနေ့ နံနက် ၉ နာရီက၂၀၂၅ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ် အခမ်းအနားကို တောင်ကြီးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ဒေါ်ခင်သိန်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တောင်ကြီးမြို့၊ အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက စာတတ်မြောက်ရေးဝိုင်းကူပေး သီချင်းဖြင့် ဂုဏ်ပြုသီဆို ဖွင့်လှစ်ပေးသည်။
ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန် ကြီးချုပ် ဦးအောင်အောင်က မြန်မာနိုင်ငံတွင် ၁၉၆၇ ခုနှစ် နှင့် ၁၉၆၈ခုနှစ်အတွင်း သက်ကြီးစာမတတ်သူပပျောက်ရေး ” အ ” သုံးလုံး သင်တန်းများကို စေတနာ့ဝန်ထမ်းလူထုလှုပ်ရှားမှုဖြင့် တစ်နိုင်ငံလုံး အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ခဲ့ပါကြောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)အနေဖြင့် အခြေခံစာတတ်မြောက် ရေးလုပ်ငန်းကို အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့နှင့်ပညာရေးဌာနတို့ပူးပေါင်းဆောင်ရွက်မှုဖြင့် ၂၀၂၄ ခုနှစ်၊ ဧပြီလ(၆)ရက် မှ မေလ(၅)ရက်နေ့အထိ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မြို့နယ်(၁၅)မြို့နယ်တွင် လူဦးရေ(၁၁၉၇) ဦးကို သင်ကြားပေးနိုင်ခဲ့ပြီး စဥ်ဆက်ပညာရေးအနေဖြင့် (၁၅)မြို့နယ် တွင် ၂၀၂၅ ခုနှစ် ဖေဖေါ်ဝါရီလ(၁)ရက် မှ မတ်လ(၃၁) ရက်နေ့အထိ လူဦးရေ(၉၅၁)ဦးဖြင့် ဆက်လက်ဆောင်ရွက် နိုင်ခဲ့ပါကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာနနှင့် ပြည်နယ်ပညာရေးမှူးရုံးတို့ပူးပေါင်း၍ ရှမ်းပြည်နယ်(တောင်ပိုင်း) (၆)မြို့နယ်တွင် လူဦးရေ (၃၅၇)ဦးကို ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(၈)ရက်မှ ဩဂုတ်လ (၂၁)ရက် အထိ (၄၅)ရက် ဖွင့်လှစ်သင်ကြားပို့ချပေးခဲ့ပါကြောင်း၊ ၂၀၂၅ ခုနှစ် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အထိမ်းအမှတ်ဆောင်ပုဒ်ဖြစ်သည့် ဒစ်ဂျစ်တယ်ခေတ်ကို လိုက်မီဖို့စာတတ်မြောက်ရေးမြှင့်တင်စို့ ဆိုသည့်အတိုင်း လူတိုင်းစာတတ်မြောက်ရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ် အဖြစ်အလေးနက် ထားဆောင်ရွက်သွားကြရန်ပြောကြားသည်။
ဆက်လက်၍ ၂၀၂၅ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ ဆောင်ရွက်မှု (VIDEO CLIP) ပြသရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် အခမ်းအနား တက်ရောက် လာကြသူများက ကြည့်ရှုကြပြီး အမှတ်(၄)အခြေခံ ပညာအထက်တန်းကျောင်းမှ ကျောင်း သား၊ ကျောင်းသူလေးများက ” အနာဂတ်မျှော်တွေး စဥ်ဆက်ပညာရေး ” သီချင်းဖြင့် သီဆိုဂုဏ်ပြုဖျော်ဖြေကြသည်။၏
ထို့နောက် ၂၀၂၅ ခုနှစ်နိုင်ငံတကာစာတတ် မြောက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင်ဆုရရှိသည့် ကျောင်းသား၊ကျောင်းသူများအားဆုများပေးအပ်ချီးမြှင့်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများအားလည်းကောင်း၊အလယ်တန်း အဆင့်စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား၊ကျောင်းသူများကို ရှမ်းပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်ညိုမီစောက လည်းကောင်း ဂုဏ်ပြုဆုများချီးမြှင့်ပေးအပ်ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့အတွင်းရေးမှူးနှင့် တာဝန်ရှိသူများသည် အခမ်းအနား တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးနှုတ် ဆက်ကြပြီး ခန်းမအတွင်းခင်းကျင်းပြသထားသည့် ၂၀၂၅ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ်ပြခန်းများအား လှည့်လည်ကြည့်ရှုအား ပေးခဲ့ကြောင်းသိရှိရသည်။
ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ညောင်ရွှေမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၌ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့်အင်းလေးဒေသအတွင်းရှိ နေအိမ်များ ပြန်လည်ပြု ပြင်နိုင်ရေးအတွက် အမျိုးသားသဘာဝဘေးအန္တ ရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ ပစ္စည်းဖိုးငွေများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က အဖွင့်အမှာစကားပြောကြားပြီး အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှပေးအပ် သည့် ငွေများကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ကေလာကျေးရွာရှိ ဘေးသင့်ပြည်သူ များ အားပစ္စည်းဖိုးငွေကျပ်(၄၇၉၄.၀၀)သန်း၊ဇရပ် ကြီးကျေးရွာရှိဘေးသင့်ပြည်သူများအားပစ္စည်းဖိုးငွေကျပ်(၂၅၇၈.၀၀)သန်း၊မိုင်းသောက်အင်းကျေးရွာရှိဘေးသင့်ပြည်သူများအားပစ္စည်းဖိုးငွေကျပ် (၂၂၈.၀၀) သန်းတို့ကို လည်းကောင်း၊ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက သလဲဦးအင်းကျေးရွာရှိ ဘေးသင့်ပြည်သူများအား ပစ္စည်းဖိုးငွေကျပ်(၇၃၀.၁၆)သန်း၊ အိုင်ထောင့်ကြီးကျေးရွာရှိ ဘေးသင့်ပြည်သူများအား ပစ္စည်းဖိုး ငွေကျပ်(၁၃၆၆.၅၂)သန်းကိုလည်းကောင်း၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးက မြောင်းဝကြီး ကျေးရွာရှိ ဘေးသင့်ပြည်သူများအားပစ္စည်းဖိုး ငွေကျပ် (၁၆၈.၆၆) သန်း၊ နန်းပန်မြို့ အမှတ်(၁)ကြာတောရွာကျေးရွာရှိ ဘေးသင့်ပြည်သူများအားပစ္စည်းဖိုးငွေကျပ် (၂၈၁၀.၀၀)သန်းကို လည်းကောင်း၊ပြည်နယ်ဥပဒေချုပ်က ပေပင်အင်းကျေးရွာရှိ ဘေးသင့်ပြည်သူများအား ပစ္စည်းဖိုးငွေကျပ် (၂၂.၀၀) သန်း၊ ညောင်ဝန်းကျေးရွာရှိ ဘေးသင့်ပြည်သူများအား ပစ္စည်းဖိုးငွေကျပ်(၃၆၄.၁၄)သန်းကိုလည်းကောင်း၊ ကလောခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌက ဟဲယာရွာမကျေးရွာရှိ ဘေးသင့်ပြည်သူများအားပစ္စည်းဖိုးငွေကျပ် (၁၃၈၂.၀၀)သန်းကိုလည်းကောင်းအသီးသီးပေးအပ်ခဲ့ကြသည်။
ယင်းနောက် ငလျင်ဘေးသင့်ပြည်သူများ ကိုယ်စားပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြန် လည်ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အခမ်းအနားတက်ရောက်လာကြသည့် ငလျင်ဘေးသင့်ပြည် သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြသည်။
အဆိုပါမန္တလေးငလျင်ကြီးကြောင့်ထိခိုက်ပျက်စီးခဲ့သည့် အင်းလေးဒေသအတွင်းရှိနေအိမ် များပြန် လည်ပြုပြင်နိုင်ရေးအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်စီမံခန့်ခွဲမှုကော် မတီမှ ပစ္စည်းဖိုးငွေများကို တာဝန်ရှိသူများက ဘေးသင့်ပြည်သူများအား တစ်ဦးချင်းစီ ထောက် ပံ့ထုတ်ပေးလျက်ရှိကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး