တောင်ကြီး စက်တင်ဘာ-၇
၂၀၂၅ခုနှစ်၊ ရှမ်းပြည်နယ် (၂၆)ကြိမ်မြောက်မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဖွင့်ပွဲကို စက်တင်ဘာလ(၇)ရက်၊ နံနက်(၉)နာရီအချိန်တွင် တောင်ကြီးမြို့၊ တောင်ကြီးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
ဦးစွာ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် နိုင်ဇော်ဦး၊ ပြည်နယ်လူမှုရေးရာဝန်ကြီးဦးမင်းမင်းလွင်၊ ပြည်နယ် တိုင်းရင်းသား ရေးရာဝန်ကြီးဦးအောင်ကြည်ဝင်း၊ တောင်ကြီးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကေသီတင်တို့က ရှမ်းပြည်နယ် (၂၆)ကြိမ်မြောက်မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြသည်။
ထို့နောက် ဖွင့်ပွဲအခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က နိုင်ငံတော်၏ ဦးတည်ချက်၊ ရည်ရွယ်ချက်များနှင့်အတူ ရှမ်းပြည်နယ်၏ (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဥ် ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို စက်တင်ဘာလ(၇)ရက်နှင့် (၈)ရက် နှစ်ရက်ကြာ ကျင်းပသွားမည်ဖြစ်ပြီး ရှမ်းပြည်နယ် တောင်ပိုင်း၊ အရှေ့ပိုင်းနှင့် မြောက်ပိုင်း နယ်မြေဒေသ(၃)ခုမှ ပြိုင်ပွဲဝင်ဦးရေ(၁၃၄)ဦး တက်ရောက်ယှဥ်ပြိုင်ကြသည့်အတွက် ဝမ်းမြောက်ဂုဏ် ယူမိပါကြောင်း၊ ပြိုင်ပွဲဝင်မောင်မယ်များကို အထောက်အကူပြုပံ့ပိုးပေးသည့် ပညာရှင်များ၊ ဒိုင်များ၊ ဆရာ၊ ဆရာမများနှင့် စာပေယဥ်ကျေးမှုအဖွဲ့အားလုံးကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ကျေးဇူး တင်ရှိပါကြောင်း၊ (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ဝါသနာရှင် ပထမတန်းနှင့် ဒုတိယတန်းအဆင့်များ ပါဝင်ခြင်းမရှိဘဲ အဆင့်မြင့်ပညာအဆင့်နှင့် အခြေခံပညာအဆင့်နှစ်ဆင့်၊ စုစုပေါင်း(၃)ဆင့် ဝင်ရောက်ယှဥ်ပြိုင်ရမှာဖြစ်ကြောင်း၊ ပြိုင်ပွဲဝင် အင်အားအနေဖြင့် ယခင်နှစ်ကထက် နည်းသော်လည်းကြိုးစားမှုရှိပါက ရလဒ်ကောင်းများ ရရှိနိုင်မှာဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်အနေဖြင့် (၂၅) ကြိမ်မြောက်ပြိုင်ပွဲတွင် ရွှေ(၃)ခု၊ ငွေ(၃)ခု၊ နှစ်သိမ့်ဆု(၃)ဆုနှင့် အထူးဆု(၂)ဆု၊ စုစုပေါင်း(၁၁)ဆုရရှိခဲ့ပါကြောင်း၊ ယခုနှစ် ဗဟိုအဆင့်သို့ သွားရောက်ယှဥ်ပြိုင်နိုင်ရန် ပြည်နယ်အတွင်းထူးချွန်သူများနှင့် ရွက်ပုန်းသီးအနုပညာရှင်များကို ပြည်နယ်ပြိုင်ပွဲတွင် စိစစ်ရွေးချယ်သွားရန်လိုအပ်မှာဖြစ်ကြောင်းပြောကြားသည်။
ယင်းနောက် တောင်ကြီးတက္ကသိုလ်မှ မကျော့မေခိုင်၏ ကပြဖျော်ဖြေမှုကိုလည်းကောင်း၊ ဓနုစာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ ဓနုတိုင်းရင်းသားရိုးရာအကဖြင့် ဖျော်ဖြေနေမှုကို လည်းကောင်း၊ ကလောခရိုင်မှ မမိုမိုမင်းဦး(ခ)ဖြူလုံံးနှင့်အဖွဲ့ ဆိုင်းဝိုင်းကြီးအဖွဲ့လိုက် ဖျော်ဖြေနေမှုကိုလည်းကောင်း၊ မောင်အုံချစ်နှင့်အဖွဲ့ ဆိုင်းဝိုင်းကြီးအဖွဲ့လိုက်ဖျော်ဖြေနေမှုကိုလည်းကောင်း ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အဆို၊ အက၊ အရေး၊ အတီးအဖွဲ့ဝင်များ၊ အုပ်ချုပ်သူ၊ နည်းပြဆရာများ၊ ဝါသနာရှင်များကကြည့်ရှုအားပေးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင် နှင့် ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်ညိုမီစောတို့က ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ပြီး ပြည်နယ်ဝန်ကြီးချုပ် နှင့်အဖွဲ့သည် ဖွင့်ပွဲအခမ်းအနားတက်ရောက်လာကြသည့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အကဲဖြတ်ဒိုင်အဖွဲ့များ၊ ပြိုင်ပွဲဝင်များနှင့်ကြီးကြပ်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် အားပေးစကားပြောကြားသည်။
ယင်းနောက် အကပြိုင်ပွဲများ စတင်ယှဥ်ပြိုင်ရာတာချီလိတ်ခရိုင်မှ အခြေခံပညာအဆင့် အသက် (၁၀-၁၅)နှစ် အမျိုးသားအကယှဥ်ပြိုင်နေမှုကိုလည်းကောင်း၊ ကျိုင်းတုံးခန်းမတွင် အခြေခံပညာအဆင့် အသက်(၁၀-၁၅)နှစ် အမျိုးသား(မဟာဂီတ) အဆိုပြိုင်ပွဲနှင့် အမျိုးသမီး အသက်(၁၀-၁၅)နှစ် (မဟာဂီတ)အဆိုပြိုင်ပွဲ ယှဥ်ပြိုင်နေမှုများကိုလည်းကောင်း ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများမှ ကြည့်ရှုအားပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြိုင်ပွဲဝင်များနှင့် ကြီးကြပ်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ရှမ်းပြည်နယ်အဆင့် (၂၆) ကြိမ်မြောက်အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် အဆိုပြိုင်ပွဲဝင်(၃၁)ဦး၊ အကပြိုင်ပွဲဝင်(၁၀၁)ဦး၊ အရေးပြိုင်ပွဲဝင်(၁)ဦး၊ အတီးပြိုင်ပွဲဝင်(၃၅)ဦး စုစုပေါင်း သက်ဆိုင်ရာကဏ္ဍအလိုက် ပြိုင်ပွဲဝင် (၁၆၈) ဦး ပါဝင်ယှဥ်ပြိုင်ကြကြောင်းသိရသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကြီးတက္ကသိုလ်ရေစုကန်မှ ပင်မကျောင်းဆောင်သို့ ဆက်သွယ်သွားလာနိုင်ရန် လမ်းဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် (၆ ပေ ×၃၆ ပေ ) လူကူးတံတားဆောင်ရွက်နေမှုကို သွားကြည့်ရှုစစ်ဆေးရာ လမ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက လူကူးတံတားဆောင်ရွက်နေမှု အခြေအနေအား ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က တံတားအပေါ် မော်တာ်ဆိုင်ကယ်များ ဖြတ်သန်းသွားလာမှုမရှိစေရန်တံတားအဆင်းတွင် လှေကားထစ်များထည့်သွင်းဆောင်ရွက်ပေးရန် တာဝန်ရှိသူအား ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး