
တောင်ကြီး စက်တင်ဘာ-၆
ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးအားဦးထိပ်ထား၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် (၅၃) ကြိမ်မြောက် တောင်ကြီးမြို့လုံးကျွတ်ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို စက်တင်ဘာလ (၆) ရက်၊ တော်သလင်းလပြည့်နေ့၊ နေ့လည်(၁၂)နာရီခွဲက တောင်ကြီးမြို့၊ သာသနာလင်္ကာရ ကမ္ဗောဇသာသနာ့ဗိမာန်တော်၌ ကျင်းပသည်။
ဦးစွာ အခမ်းအနားကို ဆရာတော်၊ သံဃာတော်နှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိသတ်တို့က နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကြပြီး နိုင်ငံတော် သြဝါဒါစရိယ၊ တောင်ကြီးမြို့၊ စွန်းလွန်ဂူကမ္မဋ္ဌာန်းကျောင်းတိုက် ဦးစီးပဓာနနာယက၊ အဂ္ဂမဟာ ပဏ္ဍိတ၊ မဟာကမ္မဋ္ဌာနာစရိယဆရာတော် ဘဒ္ဒန္တအဂ္ဂဓမ္မာဘိဝံသထံမှ ငါးပါး သီလခံယူ ဆောက်တည်၍ ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။
ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင် အောင်နှင့်ဇနီး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့်ဇနီး၊ တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်ကြီးများအား ဆွမ်းဆန်စိမ်း၊ လှုဖွယ်ဝတ္ထုပစ္စည်း၊ သင်္ကန်းတို့ကို ဆက်ကပ်လှူဒါန်း ကြသည်။
ယင်းနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အဖွဲ့ဝင်၊ တောင်ကြီးမြို့၊ မဟာဓမ္မိကာ ရာမကျောင်းတိုက်ဦးစီးပဓာနနာယက အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဆရာတော် ဘဒ္ဒန္တဓမ္မာနန္ဒာဘိဝံသထံမှ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာ တရားနာယူ၍ ရေစက်သွန်းချအမျှပေးဝေကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတုသုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ပြီးမြောက်ကြောင်းသိရှိရသည်။
ယင်းနောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့်ဇနီး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ဇနီးပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့်ဇနီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကုမ္ပဏီများ၊ ဒေသခံပြည်သူများက ဆရာတော်၊ သံဃာတော်၊ (၁၀၈၀)ပါး၊ သီလရှင်(၁၀၈)ပါးတို့ကို ဆွမ်းဆန်စိမ်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှုး၊ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့်အဖွဲ့သည် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပြည်သူလူထုများက ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးတစ်လျှောက် ဆရာတော်၊ သံဃာတော်များနှင့် သီလရှင်များအား ဆွမ်းဆန်စိမ်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူနေမှုကို လှည့်လည် ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် (၅၃)ကြိမ်မြောက် မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် တောင်ကြီးမြို့ပေါ်ရှိ ဘုန်းကြီးကျောင်း (၁၁၀)ကျောင်း၊ သီလရှင်ကျောင်း (၁၈) ကျောင်းတို့မှ ရဟန်းသံဃာတော် အပါးပေါင်း (၁၀၈၀) ပါးနှင့် သီလရှင်(၁၀၈)ပါး တို့ကို ဆွမ်းဆန်စိမ်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူကြပြီး လှူဒါန်းငွေမှာကျပ် ၁၀၁၄၂၀၅၀ ကျပ်(ငွေကျပ် တစ်ရာ့တစ်သိန်းလေးသောင်းနှစ်ထောင့်ငါးဆယ် ကျပ်တိတိ) ဆန်တန်ဖိုးငွေကျပ် ၅၈၆၂၁၀၀၀ ကျပ်၊ (ငွေကျပ်ငါးရာရှစ်ဆယ့်ခြောက် သိန်းနှစ်သောင်း တစ်ထောင်ကျပ်တိတိ၊ စုစုပေါင်းငွေကျပ် ၆၈၇၆၃၀၅၀ ကျပ် (ငွေကျပ် ခြောက်ရာရှစ်ခုနစ်သိန်း ခြောက်သောင်းသုံးထောင်ငါးဆယ်ကျပ်တိတိဖြစ်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့က ဆန်အိတ်(၅၀၀)လှူဒါန်းကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး