တောင်ကြီး သြဂုတ် ၃၁
ဆော်ဒီအာရေဗျနိုင်ငံ၊ Riyadh မြို့၌ ကျင်းပခဲ့သည့် Esports အားကစား ကမ္ဘာ့ဖလားပြိုင်ပွဲ ၂၀၂၅ တွင် ကမ္ဘာ့ချန်ပီယံဆု ရရှိခဲ့သော သမိုင်းဝင် မြန်မာ့ဂုဏ်ဆောင် ကမ္ဘာ့ချန်ပီယံ Yangon Galacticos အသင်းအား KBZ GROUP မှ တောင်ကြီးမြို့တွင် ကျင်းပသည့် ဂုဏ်ပြုညစာစားပွဲတွင် ငွေကျပ် သိန်း (၁၀,၀၀၀) နှင့် ဂရံအမည်ပေါက် မြေကွက် (၉) ကွက် ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဂုဏ်ပြုညစာစားပွဲသို့ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ အီလက်ထရောနစ် အားကစားအဖွဲ့ချုပ် ဦးဆောင်နာယက၊ ကမ္ဘောဇဘဏ်၊ ကမ္ဘောဇအုပ်စု တည်ထောင်သူ နာယက ဦးအောင်ကိုဝင်း ၊ ရှမ်းပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကမ္ဘာ့ချန်ပီယံ Esports အားကစားသမားများ၊ မြို့မိမြို့ဖများ၊ ဖိတ်ကြားထားသူများနှင့် Esports ဝါသနာရှင် လူငယ်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မြန်မာ့ဂုဏ်ဆောင် ကမ္ဘာ့ချန်ပီယံ Yangon Galacticos အားကစားအသင်း၏ ဖြတ်သန်းလာခဲ့သော ရုပ်သံမှတ်တမ်း Video နှင့် ရှမ်းပြည်နယ်မှ ပြည်သူများက တောင်ကြီးမြို့တွင် သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုခဲ့ကြသည့် မှတ်တမ်း Video ကို ပြသခဲ့သည်။
ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က မြန်မာ့ဂုဏ်ဆောင် ကမ္ဘာ့ချန်ပီယံ Esport အားကစားအသင်းကို ဂုဏ်ပြုအမှာစကား ပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံ အီလက်ထရောနစ် အားကစားအဖွဲ့ချုပ်ဥက္ကဌ ဒေါက်တာကောင်းမြတ်စံက “ကျနော်တို့ရဲ့ မြန်မာနိုင်ငံ အီလက်ထရောနစ် အားကစားအဖွဲ့ချုပ်ကို ယခုလို အောင်မြင်မှုတွေ ရရှိလာအောင် မြန်မာလူငယ်တွေရဲ့ အစွမ်းအစကို ကမ္ဘာက သိလာအောင် ငွေကြေးပံ့ပိုးမှု အလုံးစုံသာမက ကိုယ်ရောစိတ်ပါ ကူညီပံပိုးပေးခဲ့တဲ့ ကျနော်တို့ရဲ့ ဂုဏ်ထူးဆောင် နာယကများ ဖြစ်ကြတဲ့ ဒေါ်နန်းလိုင်းခမ်းနဲ့ ဒေါ်နန်းခမ်းနောင့်ကို အထူးကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ အထူးသဖြင့် လူငယ်တွေရဲ့ ကြိုးစားလိုစိတ်နဲ့ ကမ္ဘာနှင့် ရင်ဘောင်တန်းနိုင်တဲ့ မျိုးဆက်သစ် မြန်မာလူငယ်များရဲ့ စိတ်ဓါတ်ခွန်အားတိုးတက်မြင့်မားလာစေရေးအတွက်ပြယုဂ်ဖြစ်စေရန် စဥ်ဆက်မပြတ် အသေးစိတ်ကနေ အစစ အရာရာ ငွေအား လူအားနှင့် စီမံဆောင်ရွက် လမ်းညွှန်ပေးခဲ့တဲ့ ကမ္ဘောဇဘဏ် နာယကကြီး ဦးအောင်ကိုဝင်းကိုလည်း ဂါရဝထားပြီး အထူး လေးစား ကျေးဇူးတင်ပါကြောင်း ကမ္ဘာ့ချန်ပီယံ မြန်မာလူငယ်များ ကိုယ်စား ပြောကြားပါရစေ” ဟု ပြောကြားခဲ့ပြီး ချန်ပီယံ အားကစားသမားများနှင့် တစ်ဦးချင်းမိတ်ဆက်ပေးသည်။
ဆက်လက်၍ မြန်မာနိုင်ငံ အီလက်ထရောနစ် အားကစားအဖွဲ့ချုပ် ဦးဆောင်နာယက၊ ကမ္ဘောဇဘဏ်၊ ကမ္ဘောဇအုပ်စု တည်ထောင်သူ နာယက ဦးအောင်ကိုဝင်းက မြန်မာ့ဂုဏ်ဆောင် ကမ္ဘာ့ချန်ပီယံ Yangon Galacticos အားကစားအသင်းအတွက် ဂုဏ်ပြုချီးမြှင့်ငွေကျပ် သိန်း (၁၀,၀၀၀) ကို လည်းကောင်း၊ မြန်မာ Esport အားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် အောင်ပွဲရ လူငယ်အားကစားသမားများ တစ်ဦးချင်းစီအတွက် တောင်ကြီးဂါးဒင်းစီတီး (Taunggyi Garden City) မှ ပေ ၄၀ x ပေ ၆၀ အကျယ်ရှိ ဂရံမြေကွက် စုစုပေါင်း (၉) ကွက်ကို လည်းကောင်း ဂုဏ်ပြုချီးမြှင့်ခဲ့သည်။ ၎င်းနောက် မြန်မာ့ဂုဏ်ဆောင် ကမ္ဘာ့ချန်ပီယံ Yangon Galacticos အားကစားအသင်းများသည် ဒေသခံမိဘပြည်သူများအား ရင်းရင်းနီးနီး လိုက်လံနှုတ်ဆက်ကြသည်။
မြန်မာနိုင်ငံ အီလက်ထရောနစ် အားကစားအဖွဲ့ချုပ်ကို KBZ BANK, KBZPay နှင့် KBZ GROUP တို့မှ ၂၀၁၈ ခုနှစ်မှ စတင်ကာ ပံ့ပိုးကူညီပေးခဲ့သည့်အပြင် ယခုကဲ့သို့ မြန်မာ့ဂုဏ်ဆောင် ကမ္ဘာ့ချန်ပီယံဆု ရရှိစေရန် အတွက်လည်း တစိုက်မတ်မတ် ထောက်ပံ့ကူညီပေးခဲ့ရာ ယနေ့အထိ ကျပ်ငွေ (၄.၈ ) ဘီလီယံကျော် ပံ့ပိုးပေးခဲ့ကြောင်း သိရသည်။
ဆော်ဒီအာရေဗျနိုင်ငံတွင် ကျင်းပခဲ့သည့် Esports အားကစား ကမ္ဘာ့ဖလား ၂၀၂၅ ပြိုင်ပွဲသည် ကမ္ဘာ့အကြီးဆုံး နိုင်ငံတကာ Esports ပြိုင်ပွဲတစ်ခုဖြစ်ပြီး နိုင်ငံပေါင်း ၁၀၀ ကျော်မှ အသင်း ၂၀၀ ကျော် နှင့် ပရော်ဖက်ရှင်နယ် ကစားသမားပေါင်း ၂,၀၀၀ ကျော်တို့ ပါဝင်ယှဉ်ပြိုင် ခဲ့ကြကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး