ပင်လောင်း ဩဂုတ် ၃၀
ရှမ်းပြည်နယ် တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် သပြေကုန်းကျေးရွာအုပ်စု ဧဒင်ကျေးရွာနှင့် လက်ဆွဲတမာပင်ကျေးရွာ၌ ဩဂုတ် ၂၈ ရက်က မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေနှင့်အတူ လူနေအိမ်များပြိုကျပျက်စီးမှုဖြစ်ခဲ့ကြောင်း သိရသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးခွန်ရဲထွေးသည် အထူးဆောက်လုပ်ရေးစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် တပ်မမှူး ဗိုလ်မှူးချုပ် ဝင်းမင်း၊ အမှတ်(၂) အထူးဆောက်လုပ်ရေးတပ်ရင်း တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မင်းဇော်လင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးတင့်ဇော်ထက်နှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများလိုက်ပါ၍ ယမန်နေ့က မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေနှင့်အတူ လူနေအိမ်များ ပြိုကျပျက်စီးမှုဖြစ်ပွားခဲ့သည့်နေရာများသို့ သွားရောက်ခဲ့ကြကြောင်း၊ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သပြေကုန်းကျေးရွာအုပ်စု ဧဒင်ကျေးရွာနှင့် လက်ဆွဲတမာပင်ရွာတွင် တောင်ကျရေနင့်အတူ ပြိုကျပျက်သည့်နေအိမ်များကို အမှတ်(၂) အထူးဆောက်လုပ်ရေးတပ် တပ် တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအဖွဲ့နှင့် ကျေးရွာသူ/ကျေးရွာသားများက သန့်ရှင်းရေးဆောင်ရွက်နေမှုအား ကြည့်ရှုပြီး၊ ရေဘေးသင့်နေအိမ်မှ ပြည်သူများအား ထောက်ပံ့ငွေများ၊ အသုံးအဆောင်ပစ္စည်းများ၊ စာနပ်ရိက္ခာများ၊ ကယ်ဆယ်ရေးပစ္စည်းများနှင့် ကျောင်းသား/ကျောင်းသူများအတွက် ကျောင်းဝတ်စုံ၊ ဗလာစာအုပ်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျရေနှင့်အတူ လူနေအိမ်များ ပြိုကျပျက်စီးမှုဖြစ်ပွားခဲ့ရာ လူနှစ်ဦး သေဆုံးပြီး၊ နေအိမ် ၇ အိမ် လုံးဝပြိုကျပျက်စီး၊ နေအိမ် ၃ တစ်စိတ်တစ်ပိုင်းပျက်စီးသွားခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး