
မောက်မယ် သြဂုတ် ၂၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် မိုးလေဝသနှင့်ဇလဗေဒ ဦးစီးဌာနမှ မုန်တိုင်းခန့်မှန်းသတိပေးထုတ်ပြန်ချက်အား အများပြည်သူသတိပြုပြင်ဆင်ဆောင်ရွက်နိုင် ရန် မြို့ပေါ်ရပ်ကွက်အတွင်း၊ လူစည်ကားရာလမ်းထိပ်နေရာများတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ကားဖြင့် သြဂုတ် ၂၇ရက် ညနေ၃နာရီက လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။
အဆိုပါ မုန်တိုင်းသတိပေးချက်တွင် တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော တိုင်ဖွန် မုန်တိုင်း (Kajiki) ကြောင့်သြဂုတ်လ၂၇ရက်နေ့မှ ၂၉ရက်နေ့အထိတိုက်ခတ်နိုင်သည်ဟု ကနဦးခန့်မှန်း ထားပါကြောင်း၊ ပြည်သူများအနေဖြင့်လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်း ရေကြီး ရေလျှံမှုများကြုံတွေ့နိုင်ပါသဖြင့် အရေးကြီးစာရွက်စာတမ်းများ၊ ဆေးဝါးများနှင့်အဖိုးတန်ပစ္စည်းများ အား ကြိုတင်သိမ်းဆည်းထားရန်၊ သောက်သုံးရေနှင့်စားနပ်ရိက္ခာများကြိုတင်သိမ်းဆည်းထားရန်၊ မုန်တိုင်းသတိပေးထုတ်ပြန်ချက်အားနားဆင်ပြီးအလေးထားလိုက်နာဆောင်ရွက်သွားကြရန်၊ အရေးပေါ် အခြေအနေကြုံတွေ့လာပါက သတ်မှတ်ထားသောစုရပ်သို့သွားရောက်နေထိုင်ကြရန်၊ ထူးခြားမှုအခြေ အနေအား သက်ဆိုင်ရာဆယ်အိမ်မှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးထံ ချက်ချင်းသတင်းပို့ဆက်သွယ်ကြရန်၊ အကယ်၍မုန်တိုင်းဝင်ရောက်ခဲ့ပါက မုန်တိုင်းအန္တရာယ်ကင်းရှင်း ကြောင်းကြေငြာမှသာမိမိနေအိမ်သို့ ပြန်လည်ထွက်ခွာကြရန် စသည့်ကြေငြာချက်များဖြင့် ပြည်သူများ အား လိုအပ်သည်များကြိုတင်ပြငဆင်နိုင်ရန် ရပ်ကွက်များအတွင်း၊ လူစည်ကားရာလမ်းထိပ်နေရာ များတွင် လှည့်လည်အသိပေးနှိုးဆော် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး