
ကလော သြဂုတ်-၂၉
ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ ရုရှားဘာသာစကားသင်တန်းဆင်းပွဲကို သြဂုတ်လ(၂၉)ရက် နံနက် (၁၀)နာရီက ကလောမြို့၊Hill Top Villa Hotel၌ ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ယခုသင်တန်းသည် ရုရှားခရီးသွားများ မြန်မာနိုင်ငံကို လာရောက်လည်ပတ်သည့်အခါ ဟိုတယ်များအပိုင်းကနေ ပိုမိုကောင်းမွန်ထိရောက်သည့် ဝန်ဆောင်မှုများပေးနိုင်ရေးနှင့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုတိုးတက်ရေးကို တဖက်တလမ်းမှ အထောက် အကူပြုနိုင်ရန်ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊သင်တန်းတွင် ရုရှားအက္ခရာနှင့် ငွေကြေးဆိုင်ရာအသုံးအနှုန်းများ၊ အခြေခံသဒ္ဒါနှင့်ဝါကျတို့ တည်ဆောက်ခြင်းများ ဟိုတယ်လုပ်ငန်းသုံးဝေါဟာရများ၊ ရုရှားဘာသာစကား အပြန်အလှန်ပြောဆိုလေ့ကျင့်ခြင်းများနှင့် ရုရှားလူမျိုးတို့အလေ့အကျင့်နှင့် အကျင့်စရိုက်များကို ထည့်သွင်းပို့ချပေးသည်ကို သိရသည့်အတွက် ယခုသင်တန်းတက်ရောက်ပြီးချိန်တွင် သင်တန်းသားများသည် ရုရှား ဧည့်သည်များနှင့်ပက်သက်ပြီး ပိုမိုနားလည်နိုင်စွမ်းနှင့်ကောင်းမွန်သည့်ဝန် ဆောင်မှုများပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ရှမ်းပြည်နယ်အတွင်းမှာ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ ရုရှားဘာသာစကားသင်တန်းများကို ရှမ်းပြည်နယ် (တောင်ပိုင်း)တွင် ယခုသင်တန်းအပါအဝင် (၅)ကြိမ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် (၁)ကြိမ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင်(၁)ကြိမ် စုစုပေါင်းသင်တန်း(၇)ကြိမ်နှင့် သင်တန်းသား(၂၈၄)ဦးကို သင်ကြားပို့ချ ပေးနိုင်ခဲ့ပါကြောင်း၊ ယခုလိုသင်တန်းများ ပြီးမြောက်သည်အထိ အကောင်အထည်ဖော် ဆောင်ရွက်ပေးပါသော ရှမ်းပြည်နယ်ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၊ ကလောမြို့မှ ဟိုတယ်လုပ်ငန်းရှင်များ၊ တစ်တပ်တစ်အားပါဝင်ကူညီသော ရုရှားဘာသာစကားနှင့် ဆက်ဆံဆရေးတိုးတက်ကောင်းမွန်စေရေး အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေကော်မတီတို့ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ကိုယ်စား မှတ်တမ်းတင်ရှိပါကြောင်းပြောကြားသည်။
ဆက်လက်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က သင်တန်းနည်းပြများကိုယ်စား သင်တန်းဆရာတစ်ဦးအား ဂုဏ်ပြုလက်မှတ်နှင့် ချီးမြှင့်ငွေများပေးအပ်ပြီး တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံ(ဟိုပုံး)ကျောင်းအုပ်ကြီးက သင်တန်းသား၊ သင်တန်းသူများကိုယ်စား ကိုယ်စားလှယ် (၁)ဦး \ကို သင်တန်းဆင်းလက်မှတ်များ ချီးမြှင့်ပေးအပ်ခဲ့ကြောင်းသိရသည်။
ထို့နောက် သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသူနှစ်ဦးမှ မြန်မာဘာသာ၊ ရုရှားဘာသာဖြင့် ကျေးဇူးတင်စကား ပြန်လည်ပြောကြား၍ သင်တန်းသား၊ သင်တန်းသူများက ရုရှားဘာသာဖြင့် သီချင်းသီဆိုတင်ဆက်ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြကြောင်းသိရသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကလောမြို့ပတ်လမ်းရှိ ရေနုတ်မြောင်းများ ဘူတာရထားသံလမ်းဆုံအထိ ဆောင်ရွက်နေမှုကိုကြည့်ရှုစစ်ဆေးရာ ပြည်နယ်ဝန်ကြီးချုပ်က ရေနုတ်မြောင်းအပေါ် မြောင်းဖုံးများဆောင်ရွက်ပေးရန် လိုအပ်ကြောင်းနှင့် မပြီးပြတ်သေးသည့် ရေနုတ်မြောင်းများ ပြီးပြတ်အောင်ဆောင်ရွက်ပေးကြရန် တာဝန်ရှိသူများအား ဖြည့်စွက်မှာကြားခဲ့ပြီး ရထားဘူတာဝင်း ခြံစည်းရိုးကာရံဆောင်ရွက်နေမှုနှင့် ကလောမြို့ မောမြေဦးပန်းခြံ ဆောင်ရွက်ထားရှိမှုတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့၍ လိုအပ်သည်များကို တာဝန်ရှိသူများအား ဖြည့်စွက်မှာကြားခဲ့ပြီး ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာရုံး ပြန်လည်ဆောက်လုပ်မည့်မြေနေရာအား ကြည့်ရှုခဲ့ကြကြောင်းသိရသည်။
ဆက်လက်၍ အမှတ်(၄)ရပ်ကွက်၊ သီတာလမ်းမှ ကလောဘူတာအထိ (၁၉၀၀ပေ × ၁၂ပေ) ကျောက်ချောလမ်း ဆောင်ရွက်မည့်နေရာအားကြည့်ရှု၍ ပြည်နယ်ဝန်ကြီးချုပ်က လမ်းများသတ်မှတ်စံချိန်စံညွှန်း အရည်အသွေးပြည့်မီရေး၊ ရေရှည်ကောင်းမွန်ခိုင်ခန့်ရေး၊ စနစ်တကျရှိစေရေး ဆောင်ရွက်ရန်နှင့် ရပ်ကွက်နေဒေသခံပြည်သူများကလည်း ကိုယ်ထူကိုယ်ထ ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်လိုအပ်ပါကြောင်း တာဝန်ရှိသူများအား ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
ယင်းနောက် ကလောမြို့နယ်ခန်းမတွင် မဲဆန္ဒရှင်များအား မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲ ပေးစေခြင်းအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တက်ရောက်ကြသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ခေတ်မီဖွံ့ဖြိုးသည့် ဒီမိုကရေစီနိုင်ငံသစ်ကြီး တည်ဆောက်နိုင်ရန် ပြည်သူများရွေးချယ် တင်မြောက်သည့် ကိုယ်စားလှယ်များနှင့်ဖွဲ့စည်းထားသည့် လွှတ်တော်(၃)ရပ်ရှိမည်ဖြစ်ကြောင်း၊ လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲကိုအောင်မြင်စွာ ကျင်းပရမည်ဖြစ်ပါကြောင်း၊ လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန် ရွေးကောက်ပွဲကော်မရှင်များက (MEVM)စက်များဖြင့် ဆောင်ရွက်ပေးနေပါကြောင်း ပြောကြားသည်။
ထို့နောက် ကလောမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာဦး က (MEVM) မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းဆိုင်ရာကိစ္စနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ဒေသခံပြည်သူများမှ (MEVM)မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးသရုပ်ပြသနေမှုကို ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး