တောင်ကြီး သြဂုတ်-၂၇
ရှမ်းပြည်နယ်အတွင်း အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပရောက်ရှိနေသည့် အသက်(၁၆)နှစ်နှင့် (၁၈)နှစ်အောက်ရှိ ကလေးများကို မိမိဘဝရပ်တည်နိုင်ရန်၊ မိသားစုဝင်ငွေတိုးတက်စေရန်နှင့် အန္တရာယ်ရှိသည့်အလုပ်အကိုင်များတွင် ကလေးအလုပ်သမား ပပျောက်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သောလူသုံးကုန်၊ အလှကုန်နှင့် တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲကို သြဂုတ်လ (၂၇)ရက်နံနက်(၉)နာရီက တောင်ကြီးမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Center) ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် ရှမ်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးကော်မတီ နာယက၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ရှမ်းပြည်နယ်အတွင်း ကလေးအလုပ်သမားလျော့နည်းပပျောက် စေရေးဆောင်ရွက်ရာတွင် ရှမ်းပြည်နယ်အစိုးရနှင့် အစိုးရမဟုတ်သည့်အဖွဲ့အစည်းများ၊ လူမှုမိတ်ဖက် အဖွဲ့အစည်းများအားလုံး မဖြစ်မနေပူးပေါင်းပါဝင်မှသာ ရှမ်းပြည်နယ်၏ အနာဂတ်ပုံရိပ်ကောင်းမွန်မှာဖြစ်ပါကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သက်မွေးသင်တန်းမှတစ်ဆင့် တစ်ပိုင်တစ်နိုင် အိမ်တွင်းမှုသက်မွေးပညာရပ်နှင့် အစပြုပြီးမိမိဘဝရပ်တည်နိုင်ရေး၊ မိသားစုဝင်ငွေတိုးတက်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန် ပြောကြားသည်။
ထို့နောက် ရှမ်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေး ကော်မတီနာယက၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က လူသုံးကုန်နှင့် အလှကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းမှ သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ပြီး သင်တန်းသား၊ သင်တန်းသူများ ထုတ်လုပ်ထားသည့် ထုတ်ကုန်ပစ္စည်းများအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ၊ အားကစားဝါသနာရှင်များသည် ဘက်စုံသုံးပြည်နယ်လေ့ကျင့်ရေးရုံ၌ ကျင်းပလျက်ရှိသည့် ၂၀၂၅ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ဖူဆယ်(အမျိုးသား)ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် ရှမ်းပြည်နယ်အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ ယှဥ်ပြိုင်နေမှုကို ကြည့်ရှုအားပေးကြသည်။
အဆိုပါဗိုလ်လုပွဲတွင် ရှမ်းပြည်နယ်အသင်းက ရန်ကုန်တိုင်းဒေသကြီးအသင်းကို ငါးဂိုး – သုံးဂိုးဖြင့် အနိုင်ရရှိသွားသည်။ ဆက်လက်၍ ဆုချီးမြှင့်ပွဲကျင်းပရာ အကောင်းဆုံး ဂိုးသမားဆုရရှိသော ရန်ကုန်တိုင်းဒေသကြီးအသင်းမှ အားကစားသမားကို ဆုတံဆိပ်နှင့် ငွေသားဆုအား ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက လည်းကောင်း၊ ရှမ်းပြည်နယ် ပွဲစဥ်တစ်လျှောက် အကောင်းဆုံးဆုရ ရှမ်းပြည်နယ်အသင်းမှအားက စားသမားကို ဆုတံဆိပ်နှင့်ငွေသားဆုအား ပြည်နယ်လူမှုရေးရာဝန်ကြီးက လည်းကောင်း၊ တတိယဆုရရှိသော ကချင်ပြည်နယ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကို ပြည်နယ်သယံဇာတရေးရာဝန်ကြီးက လည်းကောင်း၊ ဒုတိယဆုရရှိသော ရန်ကုန်တိုင်းဒေသကြီးအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကို ပြည်နယ်စီးပွားရေးရာဝန်ကြီးက လည်းကောင်း၊ ပထမဆုရရှိသော ရှမ်းပြည်နယ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်ကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးကလည်းကောင်း ဆုများချီးမြှင့်ပေးအပ်ပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ပြိုင်ပွဲတွင် ဒိုင်အဖြစ်ဆောင်ရွက်ပေးကြသည့် ဒိုင်အဖွဲ့အားဂုဏ်ပြုချီးမြှင့်ငွေနှင့် ပထမဆုရ ရှမ်းပြည်နယ်အသင်းအား ငွေသားဆုနှင့် ဆုဖလားတို့ကို ချီးမြှင့်ပေးအပ်ခဲ့ကြသည်။
ယင်းနောက် ပထမဆုရ ရှမ်းပြည်နယ်အသင်းအား ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထပ်ဆောင်း ဂုဏ်ပြုငွေကျပ်သိန်း(၁၀၀)၊ ရှမ်းပြည်နယ်ဖူဆယ် အောင်နိုင်ရေးကော်မတီမှ ငွေကျပ်သိန်း(၁၀၀)၊ ရှမ်းပြည်နယ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌမှ ငွေကျပ်သိန်း(၅၀)၊ ဒုတိယဥက္ကဋ္ဌမှငွေကျပ်သိန်း(၃၀)၊ ရွိုင်ရယ်တောင်ကြီးဟိုတယ်မှ ငွေကျပ်သိန်း(၂၀)တို့ကို ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ချီးမြှင့်ပေးကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး