နောင်တရား ဩဂုတ်လ ၂၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ ကျေးလက်ကျန်းမာရေးဌာန၌ ပြည်သူ့ကျန်းမာရေးဌာနနှင့် ကလေးမိဘများ စုပေါင်း၍ ကလေးငယ်တိုင်း ကျန်းမာရေးနှင့်ညီညွတ်သည့် အာဟာရများစားသုံးနိုင်စေရေး၊ ပြုမှုနေထိုင်တက်စေရေးနှင့် ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုကို ဩဂုတ်လ ၂၆ နံနက်ပိုင်းတွင် စည်ကားသိုက် မြိုက်စွာ ကျင်းပသည်။
အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုအခမ်းအနားကို ပင်လောင်းမြို့နယ် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာခင်သိန်းထွေး ကအဖွင့်အမှာစကားပြောကြားခြင်း၊ နောင်တရားမြို့ တိုက်နယ်ဆရာဝန်ဒေါက်တာဆုယဉ်တွာက အာဟာရဖွံ့ဖြိုးရေးလှုပ်ရှားမှု အကြောင်းကိုလည်ကောင်း၊ နောင်တရားမြို့ ကျေးလက်ကျန်းမာရေးဌာန ကျန်းမာရေးမှူး ဦးနေမျိုးက အာဟာရဖွံ့ဖြိုးရေး၏ ကျန်းမာရေးအတွက် အရေးပါပုံ အကြောင်းကိုလည်းကောင်း ရှင်းလင်းပြောကြားသည်။
အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှုအခမ်းအနား၌ (၅)နှစ်အောက်ကလေးများ ကို ဗီတာမင် “အေ”နှင့် သန်ချဆေးများ တိုက်ကျွေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအတွက် အာဟာရမှုန့်များ တိုက်ကျွေးခြင်းနှင့် အခမ်းအနားသို့ တက်ရောက်လာကြသည့် ကလေးငယ်များ၊ မိခင်များနှင့် ကိုယ်ဝန်ဆောင်မိခင်များကို ကြာဆံဟင်းခါးအာဟာရတိုက်ကျွေးသည်။ အခမ်းအနား၌ အာဟာရမျှတစေရန် အစာအုပ်စု(၃)ခု ပါဝင်သောအစားအစာ အသီးအနှံများ ခင်းကျင်းပြသခြင်း၊ အာဟာရဖွံ့ဖြိုးရေး ပညာပေးပိုစတာများ ဖြန့်ဝေခြင်းနှင့် အိုင်အိုဒင်းဆား စားသုံးမှုနှင့် စားသုံးသင့်သည့် ဖြည့်စွတ်အာဟာရဆေးများကို ခင်းကျင်းပြခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး