တောင်ကြီး သြဂုတ်-၂၅
၂၀၂၅ခုနှစ်၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသရှိ အင်းလေးဖောင်တော်ဦး ရုပ်ရှင်တော်မြတ်များ ဒေသအတွင်း ၂၁ ဌာနသို့ ဒေသစာရီကြွချီအပူဇော်ခံနိုင်ရေးနှင့် တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော် ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို သြဂုတ်လ (၂၅) ရက် နံနက်(၉)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အင်းလေးဖောင်တော်ဦး ရုပ်ရှင်တော်မြတ်များ ဒေသအတွင်း ၂၁ ဌာနသို့ ဒေသစာရီကြွချီ အပူဇော်ခံပွဲ ကျင်းပရေးဦးစီးကော်မတီ နာယက ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ရှမ်းပြည်နယ်အတွင်း နိုင်ငံတော်အဆင့် ဆောင်ရွက်ရမည့် ပွဲတော်နှစ်ခု စနစ်တကျ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဖွဲ့စည်းပေးထားသည် သက်ဆိုင်ရာကော်မတီအလိုက် ယခင်နှစ်ကျင်းပခဲ့သည့် ပွဲတော်များမှ အားသာချက်၊ အားနည်းချက်များအပေါ်သုံးသပ်၍ အကြံပြုဆွေးနွေးကြရန် လိုအပ်ပါကြောင်း၊ အင်းလေးဖောင်တော်ဦးရုပ်ရှင်တော်မြတ်များ ဒေသအတွင်း ၂၁ ဌာနသို့ ကြွချီအပူဇော်ခံပွဲသည် ၂၀၂၅ခုနှစ် စက်တင်ဘာလ(၂၂) ရက်နေ့မှစတင်၍ ကြွချီအပူဇော်ခံသွားမည် ဖြစ်ပါကြောင်း၊ ယခင်နှစ်က သဘာဝဘေးဒဏ်ကြောင့် ကြွချီအပူဇော်ခံနိုင်ခဲ့ခြင်း မရှိပါကြောင်း၊ နိုင်ငံတော်ကဦးဆောင်၍ ဖောင်တော်ဦးဘုရား ဘက်စုံပြုပြင်မွမ်းမံနိုင်ရေးအတွက် ဘဏ္ဍာငွေများအကုန်ကျခံ ဆောင်ရွက်ပေးလျက်ရှိပြီး ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အဆင့် ကော်မတီများဖွဲ့စည်း၍ ဘက်စုံပြုပြင်မွမ်းမံရေး လုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိရာ သြဂုတ်လကုန်တွင် လုပ်ငန်းများပြီးစီးမည်ဖြစ်ပါကြောင်း၊ ဘုရားပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးနှင့် လုပ်ငန်းအားနည်းချက်များမရှိအောင် ကော်မတီအဖွဲ့များက စနစ်တကျစီမံ ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ပွဲတော်နှစ်ရပ်လုံးတွင် ပြည်သူများက အသိစိတ်ဓာတ်ဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်လာရန် ကော်မတီအဖွဲ့များအနေဖြင့် အသိပေးဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ တောင်ကြီးတန်ဆောင်တိုင်ပွဲတော်သည် တိုင်းရင်းသားအားလုံးပါဝင်ပြီး ရိုးရာမပျက်ပျော်ရွှင်စွာ ဆောင်ရွက်သည့်ပွဲတော်တစ်ခုဖြစ်ပါကြောင်း၊ ပွဲတော်ကိုတစ်နိုင်ငံလုံးရှိ ပြည်သူများက လာရောက်လည်ပတ်သည့်အပြင် နိုင်ငံခြားသားများလည်း လာရောက်လည်ပတ်လျက်ရှိရာ ပွဲတော်စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး အားလုံးကဝိုင်းဝန်းကြိုးစား ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ ယခုနှစ်တွင်ပွဲတော်ကာလရက်များကို တိုးမြှင့်ကျင်းပနိုင်ရေးအတွက် ပွဲတော်ကော်မတီအဖွဲ့များက အကြံပြုဆွေးနွေးပေးကြရန်၊ လုံခြုံရေးအားနည်းချက်များ မရှိစေရေးအတွက် စနစ်တကျ စီမံချက်ရေးဆွဲ ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ မီးပုံးပျံနှင့်ပတ်သက်၍ ယမ်းများမှ အန္တရာယ်မရှိအောင် ဆောင်ရွက်ကြရန်နှင့် တိုင်းရင်းရိုးရာယဥ်ကျေးမှုများကို ဖော်ထုတ်ဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း၊ အင်းလေးဖောင်တော်ဦးဘုရားနှင့်စပ်လျဉ်း၍ ပြင်ဆင်စရာရှိသည်များကို အချိန်မီပြီးစီးအောင် ပြင်ဆင်ဆောင်ရွက်ကြရန်နှင့် မီးပုံးပျံပွဲအတွက် ယမ်းလိုအပ်ချက်များကို ဆောင်ရွက်ပေးထားပြီးဖြစ်၍ အားလုံးက ပူးပေါင်းဆောင်ရွက်ပေးကြရန် ပြောကြားသည်။
ထို့နောက် အင်းလေးဖောင်တော်ဦး ရုပ်ရှင်တော်မြတ်များ ဒေသစာရီကြွချီ အပူဇော်ခံနိုင်ရေးအတွက် တက်ရောက်လာကြသည့် လုပ်ငန်းကော်မတီ(၃၃)ခုမှ လုပ်ငန်းဆောင်ရွက်မှုများနှင့်စပ်လျဥ်း၍ ဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးများက လုပ်ငန်းလို အပ်ချက်များကို ဖြည့်စွက်ဆွေးနွေးပြီးအထွေထွေ ဆွေးနွေးကြကြောင်း သိရှိရသည်။
အဆိုပါ ဖောင်တော်ဦးရုပ်ရှင်တော်မြတ်များ အင်းလေးဒေသအတွင်း ၂၁ဌာနသို့ ကြွချီအပူဇော်ခံပွဲသည် ၂၀၂၅ခုနှစ် စက်တင်ဘာလ (၂၂)ရက် သီတင်းကျွတ်လဆန်း(၁)ရက်နေ့မှ စတင်၍ ကြွချီအပူဇော်ခံမည်ဖြစ်ပြီး အောက်တိုဘာလ(၉)ရက် သီတင်းကျွတ်လပြည့်ကျော်(၃)ရက်နေ့တွင် မူလကိန်းဝပ်စံပယ်တော်မူသည့် စံကျောင်းတော်သို့ ပြန်လည်ဝင်ရောက်မည်ဖြစ်ကြောင်း သိရှိရသည်။
ယင်းနောက် တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော်ကျင်းပရေးအတွက် တက်ရောက်လာကြသည့် လုပ်ငန်းကော်မတီအသီးသီးမှ လုပ်ငန်းဆောင်ရွက်မည့် အစီအမံများနှင့်စပ်လျဥ်း၍ ဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးများက လုပ်ငန်းလိုအပ်ချက် များကို ဖြည့်စွက်ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး