
တောင်ကြီး သြဂုတ်-၂၄
၂၀၂၅ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ဖူဆယ် (အမျိုးသား)ပြိုင်ပွဲ ပဥ္စမနေ့ ပွဲစဥ်များကို သြဂုတ်(၂၄)ရက်နေ့ နံနက်ပိုင်းက တောင်ကြီးမြို့၊ ဘက်စုံသုံးပြည်နယ်လေ့ကျင့်ရေးရုံ၌ ကျင်းပရာ အုပ်စု(ဂ)မှ ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် မကွေးတိုင်းဒေသကြီးအသင်းတို့ယှ ဥ်ကစားနေမှုကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအား ပေးကြသည်။
အဆိုပါ အုပ်စု(ဂ)ပွဲစဉ်တွင် ရန်ကုန်တိုင်းဒေသကြီးအသင်းက မကွေးတိုင်းဒေသကြီးအသင်းကို လေးဂိုး-ဂိုးမရှိ ဖြင့်လည်းကောင်း ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် စစ်ကိုင်းဒေသကြီးအသင်း ယှဥ်ပြိုင်ကစားကြရာ တစ်ဘက်သုံးဂိုးစီ သရေ ရလဒ်ဖြင့်လည်းကောင်း ၊ အုပ်စု(ဃ) ပွဲစဉ်တွင် ကရင်ပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးအသင်းတို့ယှ ဥ်ပြိုင်ကစားကြရာ မန္တလေးတိုင်းဒေသကြီးအသင်းက ခုနှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိသွားကြောင်းသိရသည်။
ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကြီးမြို့၊ဘု ရားဖြူရပ်ကွက်ရှိ ထီသိမ် ဘူတာသို့သွားရောက်၍ ထီသိမ်ဘူတာအနီး View Point ဆောင်ရွက်မည့်နေရာအား ကြည့်ရှုစစ်ဆေးရာ ပြည်နယ်လမ်းဦးစီးဌာနမှ ညွှန်ကြားမှူးဦးရဲလင်းက View Point ဆိုင်ရာအချက်အလက်များ၊ ဆောင်ရွက်မည့် အစီအမံများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းဆောင်ရွက်ရာတွင် သစ်ပင် စိုက်ပျိုးထားရှိမှုများအား ထိခိုက်မှုမရှိအောင် ဆောင်ရွက်ရန်နှင့် သစ်ပင်မရှိသည့် မြေကွက်လပ်များတွင် စနစ်တကျ နေရာသတ်မှတ် ရွေးချယ်ဆောင်ရွက် ရန်လိုအပ်ကြောင်း တာဝန်ရှိသူများအား ဖြည့်စွက်မှာကြားခဲ့ပြီး စိုက်ပျိုးထားသည့်သစ်ပင်များ အောင်မြင်ဖြစ်ထွန်းနေမှုကို ကြည့်ရှု၍ View Point အဝင်လမ်းအား ကြည့်ရှုစစ်ဆေး၍ လမ်းကောင်းမွန် ရေးအတွက် ကားလမ်းမပေါ်နှင့် ကားလမ်းမဘေး ရေဝပ်မှု မရှိစေရေးဆောင်ရွက်ပေးရန်နှင့် သစ်ပင်များကို စဉ်ဆက်မပြတ်စောင့်ကြည့် ထိန်းသိမ်းစောင့်ရှောက်ပေးရန် လိုအပ်ကြောင်း သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများအား ဖြည့်စွက် မှာကြားခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး