
တောင်ကြီး သြဂုတ်-၂၃
ဖူဆယ်အားကစားနည်းအပေါ် မျိုးဆက်သစ်လူငယ်များ ပိုမိုစိတ်ဝင်စားလာစေရန်၊ ဖူဆယ်အားကစားနည်းများ ပြန့်ပွားလာစေရန်၊ မြန်မာ့ဖူဆယ် အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်အတွက် အားကစားနှင့်ကာယပညာဦးစီးဌာနမှ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့တွင် ဖူဆယ်ကွင်းဆောင်ရွက်မည့် နေရာသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ သက်ဆိုင်ရာ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများသည် သြဂုတ်လ(၂၃)ရက် နံနက်(၈)နာရီခွဲက ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဖူဆယ်ကွင်းဆောင်ရွက်မည်ဆိုပါက ဖူဆယ်ကွင်း၏ သတ်မှတ်စံချိန်စံညွှန်းပြည့်မီအောင် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ စနစ်တကျဖြစ်စေရန် ကွင်းမြေနေရာကို ပြန်လည်တိုင်းတာ၍ ဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား ဖြည့်စွက် မှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကလောခရိုင်၊ ဟဲဟိုးမြို့ ဟဲဟိုး အင်းခေါင်းဆည် ရေဝပ်ဧရိယာအတွင်း သဲနှုန်းတူးဖော်ခြင်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးနေခြင်းဖြစ်၍ ဆည်နှင့် ဆည်ပတ်ဝန်းကျင်အတွင်း အမှိုက်များမပစ်ရန် တာဝန်ရှိသူများက စနစ်တကျ ကြီးကြပ်ထိန်းသိမ်းပေးရန် လိုအပ်ပါကြောင်း၊ ရေထွက်ဧရိယာအနီး ရာသီသီးနှံပင်များ စိုက်ပျိုးလုပ်ကိုင်ခြင်းမပြုရန်နှင့် သစ်ပင်များစိုက်ပျိုးပေးရန် လိုအပ်ပါကြောင်း၊ ရေထွက်နယ်နိမိတ်၊ ဧရိယာကို သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့်အညီ ထိန်းသိမ်းပေးကြရန်နှင့် ဆည်ဘောင်ရှိ မြေကြီးများပေါ်တွင် တူးဖော်ရရှိသောသဲနှုန်းများကို ဘောင်ပုံစံဖြင့် ဖြည့်ဖို့ဆောင်ရွက်ပေးရန် မှာကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟဲဟိုးအင်းခေါင်းဆည်အား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အင်းခေါင်းဆည်(ဟဲဟိုးကန်)အနီး စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးစိုက်ခင်း (၁.၀၀)ဧကနှင့် မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း၊ ရွှေရင်အေး (၁၀.၀၀)ဧက စိုက်ပျိုးထားရှိမှုတို့ကို ကြည့်ရှုကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟဲဟိုးလေယာဥ်ကွင်းသို့သွားရောက်ကာ သယံဇာတနှင့်သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ)တို့၏ အစီအစဥ်ဖြင့် ညောင်ရွှေမြို့နယ်၊ အင်းလေးကန်ရေဝေရေလဲဒေသရှိ တောင်ကတုံးများပေါ်သို့ ရဟတ်ယာဥ်ဖြင့် သစ်စေ့မြေလုံး (Seed balls)များ ကြဲချစိုက်ပျိုးခြင်းတို့ကိုကြည့်ရှုကြသည်။
အဆိုပါ အင်းလေးကန်ရေဝေရေလဲဒေသ တောင် ကတုံးများတွင် ရဟတ်ယာဥ်ဖြင့် သစ်စေ့မြေလုံး (Seed balls)များကြဲချစိုက်ပျိုးခြင်းကို အင်းလေးဒေသ အင်ကြင်းကုန်းကျေးရွာနှင့် ထီးလှိုင်ကျေးရွာအနီးရှိ တောင်ကုန်းပေါ်သို့ အော်ရီရှား သစ်စေ့မြေလုံး သုံးသောင်း၊ ဘောစကိုင်း သစ်စေ့မြေလုံး တစ်သိန်းခြောက်သောင်း၊ သင်္ဘောကုက္ကို သစ်စေ့မြေလုံးတစ်သောင်းစုစုပေါင်း သစ်စေ့မြေလုံး နှစ်သိန်းကြဲချစိုက်ပျိုးပေးခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး