
တောင်ကြီး သြဂုတ်-၂၂
၂၀၂၅ခုနှစ်၊(၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ လုပ်ငန်းညှိနှိုင်း အစည်းဝေးကို သြဂုတ်(၂၂)ရက် နံနက်(၁၀)နာရီက တောင်ကြီးမြို့၊ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၊အစည်းအဝေးခန်းမ၌ကျင်းပသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီနာယက၊ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က ယခုနှစ်ပြိုင်ပွဲ ကျင်းပမည့်အချိန်မှာ အလွန်နီးကပ်နေပြီဖြစ်သည့်အတွက် သက်ဆိုင်ရာကော်မတီများအနေဖြင့် အချိန်မဆွဲဘဲ ဆောင်ရွက်သင့်သည်များကို အင်တိုက်အားတိုက် ဆောင်ရွက်သွားရန်လိုအပ်မည်ဖြစ်ကြောင်း၊နိုင်ငံ တော်အဆင့် ပြိုင်ပွဲဖြစ်ပြီးရှမ်းပြည်နယ်အနေဖြင့် ဝင်ရောက်ယှဥ်ပြိုင်ရာမှာ ထိုက်သင့်သည့် အောင်မြင်မှုရရှိရန် လိုအပ်ပါကြောင်း၊ မိမိပြည်နယ်၏ဂုဏ်ကိုမြှင့်တင်နိုင်ရန်အတွက် အစည်းအဝေးကို တက်ရောက်လာသည့်တာဝန်ရှိသူများ၊ဌာနဆိုင်ရာများနှင့် ပညာရှင်များက ကော်မတီအလိုက်ကျရာ ကဏ္ဍအသီးသီးမှ ပူးပေါင်းဆောင်ရွက်သွားကြရန်နှင့် လိုအပ်ချက်များရှိပါက အချိန်နှင့်တပြေးညီ တင်ပြဆွေးနွေး ကြရန်ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့်လုပ်ငန်းကော်မတီများဖြစ်ကြသည့် ပြိုင်ပွဲကျင်းပရေးလုပ်ငန်းကော်မတီ၊ အခမ်းအနားပြင်ဆင်ရေးလုပ်ငန်းကော်မတီ၊ ဖိတ်ကြားရေး၊ ကြိုဆိုနေရာချထားရေးလုပ်ငန်းကော်မတီ၊ ဧည့်ခံကျွေးမွေးရေးလုပ်ငန်းကော်မတီ၊ ပြိုင်ပွဲစိစစ်ရေးလုပ်ငန်းကော်မတီ၊ အကဲဖြတ်ဒိုင်လုပ်ငန်းကော်မတီ၊ တိုင်းရင်းသားရိုးရာယဥ်ကျေးမှုအကနှင့် မြန်မာကျေးလက်ရိုးရာအကရွေးချယ်ရေးအဖွဲ့၊ ဘဏ္ဍာငွေကြီးကြပ်ရေး လုပ်ငန်းကော်မတီ၊ ဆုချီးမြှင့်ရေးလုပ်ငန်းကော်မတီ၊ ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းကော်မတီ၊ သတင်းမှတ်တမ်းနှင့် ပြန်ကြားရေးလုပ်ငန်းကော်မတီ၊ ကျန်းမာရေးလုပ်ငန်းကော်မတီ၊ လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းကော်မတီ၊ လုပ်ငန်းစိစစ်ရေးလုပ်ငန်းကော်မတီအသီးသီးမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မည့် အစီအမံများအား ရှင်းလင်းတင်ပြဆွေးနွေးကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းကော်မတီအသီးသီး၏ ဆွေးနွေးတင်ပြမှုအပေါ် ဖြည့်စွက် ဆွေးနွေးရာ ခရိုင်အဆင့်ပြိုင်ပွဲများ မကျင်းပနိုင်ပါက ပြိုင်ပွဲဝင်ရွေးချယ်မှုများကို စနစ်တကျ စိစစ်ရွေးချယ် ဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်း၊ခရိုင်များကို သီးခြားညွှန်ကြားချက် များပေးပို့ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ခရိုင်နှင့်မြို့နယ်များတွင် ပြိုင်ပွဲသို့ ဝင်ရောက်ယှဥ်ပြိုင်နိုင်မည့် အရည်အချင်းရှိသူများ ကျန်ရှိမှုမရှိစေရေးကို စနစ်တကျစိစစ် ရွေးချယ်တင်ပြပေးရန်လိုအပ်ပါကြောင်း၊ ရေရှည်အတွက် မျိုးဆက်သစ်များ မွေးထုတ်ပေးနိုင်ရန်လိုအပ်ပါကြောင်း၊ ခရိုင်နှင့်မြို့နယ်များတွင် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို စိတ်ဝင်စားသူများ၊ ဝါသနာပါသူများရှိပါက ဝင်ရောက်ယှဥ်ပြိုင် နိုင်ကြောင်း အသိပေး ကြေငြာပေးရန် လိုအပ်ပါကြောင်း ဆွေးနွေးပြောကြားသည်။
ယင်းနောက် အထွေထွေဆွေးနွေးကြရာ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးက အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် လုပ်ငန်းကော်မတီများအနေဖြင့်လုပ်ငန်းနှင့်ပတ်သက်၍ အချိန်မီဆောင်ရွက်သင့်သည့် ကိစ္စရပ်များကို ဆောင်ရွက်ပေးကြရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ ကြိုတင်ပြင်ဆင်စရာရှိသည် များပြင်ဆင်ပေးကြရန်နှင့် လုပ်ငန်းကော်မတီများအနေဖြင့် ကော်မတီအလိုက် အစည်းအဝေးခေါ်ယူဆောင်ရွက်ရန် လိုအပ်ပါကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ယခင်နှစ်များက အားနည်းချက်၊ အားသာချက်များကို သုံးသပ်ဆောင်ရွက်ပေးရန်နှင့် အားလုံးကဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန်လိုအပ်ပါကြောင်း၊ ပြည်နယ်ကိုယ်စား ဝင်ရောက်ယှဥ်ပြိုင်ရသည့်အတွက် ပြိုင်ရင်နိုင်ရမည်ဆိုသည့်အတိုင်း ကော်မတီဝင်များ၊ ပညာရှင်များက ကြိုးစားပေးကြရမည်ဖြစ်ပါကြောင်း၊ စနစ်တကျ ကြိုတင်ပြင်ဆင်မှုများရှိမှသာ မည်သည့် ပြိုင်ပွဲမဆိုအောင်မြင်မှု ရရှိမှာဖြစ်ပါကြောင်း၊ နည်းမှန်၊လမ်းမှန်ဆောင်ရွက်ပေးကြရန်နှင့်လိုအပ်သည်များကို လုပ်ငန်းကော်မတီများက တင်ပြ ပေါင်းစပ်ဆောင်ရွက်ပေးကြရန် ဖြည့်စွက်ပြောကြားပြီး နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး