တောင်ကြီး သြဂုတ်-၂၀
၂၀၂၅ခုနှစ်၊တိုင်းဒေသကြီးနှင့်ပြည်နယ် ဖူဆယ် (အမျိုးသား)ပြိုင်ပွဲဖွင့်ကို ဩဂုတ်လ(၂၀)ရက် နံနက် (၉)နာရီ က တောင်ကြီးမြို့၊ ဘက်စုံသုံးပြည်နယ် လေ့ကျင့်ရေးရုံ၌ကျင်းပသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင် က တိုင်းဒေသကြီးနှင့်ပြည်နယ်အမျိုးသား ဖူဆယ်ပြိုင်ပွဲကို ရှမ်းပြည်နယ်မှ အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊ပြိုင်ပွဲကို လာရောက်ယှဥ်ပြိုင်ကြသည့် ပြိုင်ပွဲဝင်အသင်းများအနေဖြင့် ပြိုင်ပွဲကို အားကစားစိတ်ဓါတ်အပြည့်အဝဖြင့် အသန့်ရှင်းဆုံး ပါဝင်ယှဥ်ပြိုင်သွားကြရန် အထူးမှာကြားလိုကြောင်း ၊ပြိုင်ပွဲစည်းမျဥ်း၊စည်းကမ်းများကို လေးစာလိုက်နာကြပြီး ပြိုင်ပွဲမှ တစ်ဆင့်နိုင်ငံတော်က အားထားရမည့် ထူးချွန်သည့် လက်ရွေးစင် အားကစားသမားကောင်းများ ဖြစ်လာအောင် ကြိုးစားသွားကြရန်တိုက်တွန်း ပြောကြားသည်။
ထို့နောက်အားကစားနှင့်လူငယ်ရေးရာဝန်ကြီး ဌာန၊ဒုတိယဝန်ကြီး ဦးထိန်လင်းက အမှာစကားပြောကြား၍ ပြိုင်ပွဲအားဖွင့်လှစ်ပေးပြီး ပြိုင်ပွဲဝင် အားက စားသမားများမှ အားကစားသစ္စာအဓိဌာန်ရွတ်ဆိုကြ သည်။
ယင်းနောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊အားကစား နှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တာ ဝန်ရှိသူများက တိုင်းဒေသကြီးနှင့်ပြည်နယ်ဖူဆယ် ပြိုင်ပွဲ အားကစားသမားများအား လိုက်လံနှုတ်ဆက်ကြပြီး လွယ်လုံ ရှမ်းတိုင်းရင်းသားအဖွဲ့က ကိန္နရီ၊ကိန္နရာအကဖြင့် လည်းကောင်း၊တောင်ကြီးပညာရေးဒီဂရီကောလိပ်မှ ကျောင်းသား၊ကျောင်းသူများက တိုင်းရင်းသားရိုးရာ အကဖြင့် လည်းကောင်း ဖျော်ဖြေ တင်ဆက်ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဘင်ခရာတပ်ဖွဲ့နှင့် ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ပြီး ပြိုင်ပွဲ အဖွင့်ပွဲစဥ်အဖြစ် ရှမ်းပြည်နယ်အသင်းနှင့်မွန်ပြည်နယ်အသင်းတို့ ယှဥ်ပြိုင်ကစားနေမှုကိုပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ပြည်နယ်၊ ခရိုင်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သူနာပြု၊ သားဖွားသင်တန်းကျောင်းမှ သင်တန်းသား၊ သင်တန်းသူများ၊ တောင်ကြီးပညာရေးဒီဂရီကောလိပ်မှ ကျောင်းသား၊ ကျောင်းသူများ၊ အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးကြပြီး ပြိုင်ပွဲတွင် ရှမ်းပြည်နယ်အသင်း က လေးဂိုး၊ဂိုးမရှိဖြင့် အနိုင်ရရှိသွားကြောင်းသိရသည်။
အဆိုပါ၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဖူဆယ်(အမျိုးသား)ပြိုင်ပွဲကို သြဂုတ်လ(၂၀)ရက်မှ(၂၇)ရက်နေ့အထိ ကျင်းပယှဥ်ပြိုင်သွားမည်ဖြစ်ပြီး မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး