Select Page

တောင်ကြီး အောက်တိုဘာ-၁၃
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ အောက်တိုဘာ(၁၃)ရက် နံနက်ပိုင်းက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသော ၂၀၂၆ခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ကြသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံး နိုင်ခြေလျှော့ချရေးနှင့် သက်ဆိုင်သည့် အထိမ်းအမှတ်နေ့ကို ကမ္ဘာနဲ့အဝှမ်းနိုင်ငံများကလည်း တစ်ချိန် တည်းတစ်ပြိုင်တည်းကျင်းပလျက်ရှိသလို မြန်မာနိုင်ငံမှာလည်း ပြည်နယ်နဲ့တိုင်းအသီးသီးမှာ သဘာဝ ဘေးအသိပညာဗဟုသုတ ရရှိစေရေး၊ သတိမူစေရေး ရည်ရွယ်ပြီး ကျင်းပလျက်ရှိပါကြောင်း၊ သဘာဝ ဘေးဖြစ်ပြီးနောက်ပိုင်း ပြန်လည်ထူထောင်ရေးစသည့် လုပ်ငန်များဆောင်ရွက်သည့်အခါတွင် ယနေ့ အခမ်းအနားကို တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ ပြည်တွင်းပြည်ပအဖွဲ့အစည်းများ၊ လူမှုရေး အသင်းအဖွဲ့များ၊ တာဝန်ရှိသူများအားလုံးနှင့် တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံးအနေနှင့်မိသားစု တစ်စုချင်းစီ၊ လူတစ်ဦးတစ်ယောက်ချင်းစီတိုင်း ဘေးဒဏ်ကြံ့ကြံ့ခံနိုင်စေရေးမျှော်ရည်လျက် ယနေ့ အခမ်းအနားဆောင်ပုဒ်ဖြစ်သည့် “ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ဖို့ နေအိမ်များမှစတင်စို့ ” နှင့်အညီ ဆောင်ရွက် ပေးကြရန် ပြောကြားသည်။
ထို့နောက် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာသတင်းစကားရုပ်သံ Video Message ကိုလည်းကောင်း၊ ၂၀၂၆ခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ချရေးနေ့ အထိမ်းအမှတ် ဗီဒီယိုကိုလည်းကောင်း၊ ရှမ်းပြည်နယ်အတွင်း သဘာဝဘေးလျော့ပါးရေးလုပ်ငန်း ဆောင်ရွက်ချက် ဗီဒီယိုတို့ကို ပြသရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများက ကြည့်ရှုအားပေးကြသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အခန်းမအတွင်း ခင်းကျင်းပြသထား‌ သော ပြခန်းများအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရှိရသည်။
ထိုမှတဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် တောင်ကြီးမြို့၊ ပြည်နယ်လေ့ကျင့်ရေး အားကစားရုံ၌ ကျင်းပသော ရှမ်းပြည်နယ် ဝန်ကြီးချုပ်ဖလား၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများနှင့် ခရိုင်များအလိုက် အသက်(၂၅) နှစ်အောက် အမျိုးသားဖူဆယ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက် ရောက်ကြသည်။
ဦးစွာ ဗိုလ်လုပွဲ ပြိုင်ပွဲတွင် ကျိုင်းတုံခရိုင် အသင်းနှင့် လားရှိုးခရိုင် အသင်းတို့ ယှဉ်ပြိုင်ကစားကြ ရာ လားရှိုးခရိုင် အသင်းက အနိုင်ရရှိသွားသည်။ ဆက်လက်၍ ဆုချီးမြှင့်ပွဲကျင်းပရာ အကောင်းဆုံး ဂိုးသမားဆု ရရှိသူအား ဆုတံဆိပ်နှင့်ငွေသားဆုကို ပြည်နယ်သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးက လည်းကောင်း၊ ပွဲစဉ်တစ်လျောက် အားကစားသအားဆု ရရှိသူအား ဆုတံဆိပ် နှင့်ငွေသားဆုကို ပြည်နယ်စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးကလည်းကောင်း ချီးမြှင့် ပေးကြသည်။
ယင်းနောက် ပူးတွဲ တတိယဆုရရှိသော ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအသင်းနှင့် မိုင်းဆတ် ခရိုင်အသင်းတို့အား တစ်ဦးချင်း ဆုတံဆိပ်နှင့်ငွေသားဆုကို ပြည်နယ်လျှပ်စစ်၊စွမ်းအင်၊စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် ပြည်နယ်စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီးတို့က လည်းကောင်း၊ ဒုတိယဆုရရှိသော ကျိုင်းတုံခရိုင် အသင်းအား တစ်ဦးချင်း ဆုတံဆိပ်နှင့်ငွေသားဆုကို ရှမ်းပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္က လည်းကောင်း၊ ပထမဆုရရှိသော လားရှိုးခရိုင်အသင်းအား တစ်ဦးချင်း ဆုတံဆိပ်၊ငွေသားဆုနှင့် ပထမ တံခွန်စိုက်ဆုဖလားကို ရှမ်း ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက ချီးမြှင့်ပေးကြကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့