
တောင်ကြီး အောက်တိုဘာ-၁၁
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးသည် ရှမ်းပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ် ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ အောက်တိုဘာ(၁၁)ရက် မွန်းလွဲပိုင်းက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသော ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) ဗဟိုမှ ကြီးမှူး၍ ရှမ်းပြည်နယ် ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း(YMBA)မှ ကျင်းပသည့် (၇၆)ကြိမ်မြောက် (၃၈)ဖြာ မင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်ဖြေဆိုအောင်မြင်သူဆုချီးမြှင့်ပွဲနှင့် နည်းပြဆရာဖြစ် သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် ကြသည်။
ဦးစွာ အခမ်းအနားကို ဆရာတော်၊ သံဃာတော်နှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး အမှူးပြုသော ဧည့်ပရိတ်သတ်တို့က နမောတဿ(၃)ကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး တောင်ကြီးမြို့၊ သိမ်တောင်ကျောင်းတိုက်၊ သံဃာသမ္မုတိရသံဃာ့ ကိုယ်စားလှယ် ဆရာတော် ဘဒ္ဒန္တ ပညာတိက္ခာလင်္ကာ ဘိဝံသ ကသြဝါဒ ကထာ မြွတ်ကြားချီးမြှင့်ပေးသည်။
ထို့နောက် နိုင်ငံတော်သြဝါဒစရိယ၊ တောင်ကြီးမြို့၊စွန်းလွန်းဂူ ကမ္မဋ္ဌာန်းကျောင်းတိုက် ဦးစီးပဓာန၊ နာယက ဆရာတော် ဘဒ္ဒန္တအဂ္ဂဓမ္မာဘိဝံသ (အဂ္ဂမဟာပဏ္ဍိတ၊ မဟာကမ္မဌာနစရိယ) မှ မဟာပဋ္ဌာန်းမြတ် ဝိပဿနာကျမ်းဒေသနာနှင့် ပတ်သက်၍ သြဝါဒကထာ ချီးမြှင့်တော်မူသည်။
၎င်းနောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက သာသနာရေးဆိုင်ရာ ကိစ္စရပ်များ လျှောက်ထားပြီး YMBA ဗဟိုဥက္ကဋ္ဌ အဂ္ဂမဟာ မင်္ဂလဓမ္မဇောတိကဓဇ ဦးမြင့်အောင်သန်းမှ ဝမ်းမြောက် စကားတင်ပြလျှောက်ထားကြသည်။
ယင်းနောက် ဆုရရှိသူများအား ဆုချီးမြှင့်ပေးအပ်ရာ အကြီးတန်းမြန်မာဘာသာ အဆင့်တွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက လည်းကောင်း၊ အကြီးတန်း ပအိုဝ်းဘာသာအဆင့်တွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများကို ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ကလည်းကောင်း၊ အလတ်တန်းအဆင့် မြန်မာဘာသာတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများကို YMBA ဗဟိုဥက္ကဋ္ဌ အဂ္ဂမဟာမင်္ဂလာ ဓမ္မဇောတိကဓဇ ဦးမြင့်အောင်သန်း ကလည်းကောင်း၊ အလတ်တန်းအဆင့် ရှမ်းဘာသာတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများကို ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက လည်းကောင်း၊ အလတ်တန်းအဆင့် ပအိုဝ်းဘာသာတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို ပြည်နယ်စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီးက လည်း ကောင်း၊ အငယ်တန်းအဆင့် မြန်မာဘာသာတွင် ပြည်နယ်လူမှုရေးရာဝန်ကြီးကလည်းကောင်း၊ အငယ်တန်းအဆင့် ရှမ်းဘာသာတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို ပြည်နယ်လျှပ်စစ်၊ စွမ်းအင်စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက လည်းကောင်း၊ အငယ်တန်းအဆင့် ပအိုဝ်း ဘာသာတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများကို ပြည်နယ်ဥပဒေချုပ် ကလည်းကောင်း၊ မင်္ဂလာ ပန်းခင်းစိုက်ပျိုးခြင်းခေါင်းစဥ်ဖြင့် ပထမ၊ ဒုတိယနှင့် လူသားနှင့်မင်္ဂလာတရားတော်ခေါင်းစဥ်ဖြင့် တတိယဆုရရှိသူများကို ဗမာတိုင်းရင်းသားရေးဝန်ကြီးကလည်းကောင်း အသီးသီး ဆုများချီးမြှင့် ပေးကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့