
တောင်ကြီး အောက်တိုဘာ-၉
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးသည် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာ ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ အောက်တိုဘာ(၉)ရက် ညနေပိုင်းက တောင်ကြီးမြို့၊ ပြည်နယ်လေ့ကျင့်ရေး အားကစားရုံ၌ ကျင်းပသော ၂၀၂၆ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ခရိုင်များ အလိုက် အသက်(၂၅)နှစ်အောက် အမျိုးသား၊ ဖူဆယ်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
ဖွင့်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက ယခုပြိုင်ပွဲကို ကျင်းပပြုလုပ်ခြင်းအားဖြင့် ရှမ်းပြည်နယ်အတွင်း ဖူဆယ်အားကစားနည်းကို ယခုထက် ပိုမိုကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်စား လာစေရန်၊ ထူးချွန်ထက်မြက်တဲ့ လူငယ်ဖူဆယ်အားကစားသမားများ မွေးထုတ်ပေးနိုင်ရန် ဖူဆယ် အားကစားနည်းအပေါ် မျိုးဆက်သစ်လူငယ်များ ပိုမိုစိတ်ဝင်စားလာစေရန်၊ ပြည်နယ်အတွင်း ဖူဆယ် အားကစားနည်း ပြန့်ပွားလာစေရန်၊ ဖူဆယ်အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေး အထောက် အကူ ပြုရန် အားကစားသမားများ အချင်းချင်း စည်းလုံးညီညွှတ်မှု ပိုမိုရရှိလာစေရန်နှင့် ရှမ်းပြည်နယ်ကိုယ်စားပြု ဖူဆယ်လက်ရွေးစင်ကစားသမားကောင်းများ ပေါ်ထွက်လာစေရေး စတဲ့ ရည်ရွယ်ချက်များနှင့် ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများမှ အားကစားသစ္စာအဓိဋ္ဌာန်ရွတ်ဆိုကြပြီး ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပြိုင်ပွဲဝင်အားကစားသမားများနှင့် ဒိုင်အဖွဲ့များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြကာ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက ဘင်ခရာတပ်ဖွဲ့အား ဂုဏ်ပြု ချီးမြှင့်ငွေပေးအပ်ပြီး ဖူဆယ်အမျိုးသားပြိုင်ပွဲ ပထမပွဲစဥ်အဖြစ် တောင်ကြီးခရိုင်အသင်းနှင့် ကျိုင်းတုံ ခရိုင်အသင်းတို့ ယှဥ်ပြိုင်ကစားနေမှုကို ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ၊ အားကစား ဝါသနာရှင် များက ကြည့်ရှုအားပေးကြကြောင်း သိရှိရသည်။
အဆိုပါ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ခရိုင်များအလိုက် အသက် (၂၅)နှစ်အောက် အမျိုးသားဖူဆယ်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် အသင်း(၉)သင်း ပါဝင်ယှဥ်ပြိုင်ကြပြီး ပြိုင်ပွဲကို အောက်တိုဘာ(၈)ရက်မှ(၁၃)ရက်နေ့ထိ ယှဥ်ပြိုင်ကစားသွားမည့်ဖြစ်ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့