Select Page

တောင်ကြီး အောက်တိုဘာ – ၅
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိန်းထိန်စိုးသည် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ အောက်တိုဘာ(၅)ရက် နံနက်ပိုင်းက တောင်ကြီးမြို့၊ မြို့တော်ခန်း၌ ကျင်းပသော ၂၀၂၆ ခုနှစ် ပြည်နယ်အဆင့်ကမ္ဘာ့ဆရာများနေ့ အခမ်း အနားသို့ တက်ရောက်ကြသည်။
ဦးစွာ တောင်ကြီးမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူ လေးများက မြတ်ဆရာ သီချင်းဖြင့် သီဆို၍ အခမ်းအနားကို ဖွင့်လှစ်ပေးပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ အဂ္ဂမဟာသရေစည်သူ အဂ္ဂမဟာသီရိသုဓမ္မ ဦးမင်းအောင်လှိုင်ထံမှ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက ဖတ်ကြားသည်။
ထို့နောက် ၂၀၂၆ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် ဂုဏ်ပြုဆုများချီးမြင့်ရာ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက နိုင်ငံဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) အခြေခံပညာ ဆရာ၊ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ် (၈၅) တွင် စံပြဆုရရှိသူတစ်ဦးနှင့် ပြည်နယ်အဆင့် အထက်တန်းအဆင့် စာစီစာကုံး၊ ကဗျာဆုရ ကျောင်းသား၊ကျောင်းသူများအား ဆုများချီးမြှင့် ပေးအပ်ခဲ့သည်။
၎င်းနောက် ကမ္ဘာ့ကုလသမ္မကလက်အောက်ခံ အဖွဲ့(၅)ဖွဲ့၏ အဖွဲ့ခေါင်းဆောင်များက ပေးပို့သော စုပေါင်းသဝဏ်လွှာကို ရှမ်းပြည်နယ် ပြည်နယ်ပညာရေးမှူးရုံးမှညွှန်ကြားရေးမှူး ဒေါ်ယဥ်မင်းစုက ဖတ်ကြားပြီး ၂၀၂၆ခုနှစ် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် ပြည်နယ်အဆင့်၊ အလယ်တန်းအဆင့်၊ စာစီ စာကုံး၊ ကဗျာ ဆုရကျောင်းသား၊ကျောင်းသူများနှင့် အခမ်းအနားတွင် ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် အဖွဲ့များအား ရှမ်းပြည်နယ်လွှတ်တော် ဉက္ကဋ္ဌ ဦးစိုင်းလုံကျော်က ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။
ယင်းနောက် အခြေခံပညာကျောင်းများမှ ဆရာ၊ဆရာမများက ကလက်စုံညီရှစ်ခိုးချီ သီချင်းဖြင့် လည်းကောင်း၊ တောင်ကြီးမြို့ အမှတ်(၅) အခြေခံပညာအထက်တန်း ကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက ပူဇော်ပါ၏မြတ်ဆရာသီချင်းဖြင့် လည်းကောင်း ဂါရဝပြု သီဆိုကပြ ဖျော်ဖြေ ကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများက ကြည့်ရှုအားပေးကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အခမ်းအနားသို့ တက်ရောက်လာကြသော ကန်တော့ခံဆရာကြီး၊ ဆရာမကြီးများအား ရင်းရင်းနှီးနှီး ဂါရဝပြုနှုတ်ဆက်ခဲ့ကြကြောင်း သိရှိရသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ရှမ်းပြည်နယ် လွှတ်တော်ရုံးသို့ သွားရောက်၍ တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်၊ စတုတ္ထပုံမှန်အစည်းအဝေးသို့ တက်ရောက်ရန် ရောက်ရှိနေသော ပြည်နယ်လွှတ်ကိုယ်စားလှယ်များအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့