Select Page

ဟဲဟိုး အောက်တိုဘာ-၆
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးသည် ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ အောက်တိုဘာ(၆)ရက် နံနက်ပိုင်းက ကလောခရိုင်၊ ကလောမြို့နယ် ၊ဟဲဟိုးမြို့၊ ဝါးရုံပင်ကျေးရွာအုပ်စု၌ တန်(၇၀၀၀)ဆန့် အာလူးအအေးခန်း အဆောက် အဦ အုတ်မြစ်စီမင်္ဂလာအခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ မြန်မာအက်ဂရိုအိတ်(စ်)ချိန်းအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်မှ လုပ်ငန်းနှင့် စပ်လျဥ်း၍ မိတ်ဆက် Video Clip ပြသပြီး မြန်မာအက်ဂရိုအိတ် (စ်)ချိန်းအများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ ဦးသူရိန်အောင်က ရှမ်းပြည်နယ် (တောင်ပိုင်း) စီမံကိန်းများအကြောင်း ရှင်းလင်းတင်ပြသည်။
ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက အဖွင့်အမှာစကား ပြောကြားသည်။၎င်းနောက် မြန်မာအက်ဂရိုအိတ်(စ်)ချိန်းအများနှင့် သက်ဆိုင်သော ကုမ္ပဏီ လီမိတက်ဥက္ကဋ္ဌ ဦးဝင်းအောင်က ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးအား အမှတ်တရ လက်ဆောင် ပေးအပ်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အာလူးအအေးခန်း ရတနာအုတ်မြစ်စီမည့် သတ်မှတ်နေရာတွင် နေရာယူပေးကြပြီး မင်္ဂလာအချိန်၌ သတ်မှတ်နေရာ အသီးသီး၌အုတ်မြစ်ချပေး၍ အမွေးနံ့သာရည်များ ပတ်ဖျန်းပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အာလူးအအေးခန်းအား သွားရာက်ကြည့်ရှုကြကြောင်းသိရသည်။
ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်၊ပြည်နယ်ဝန်ကြီးများ၊ အင်းတိုင်းရင်းသားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများသည် ညောင်ရွှေမြို့၊ ဖောင်တော်ပြန် ရှင်းလင်းဆောင်ခန်းမသို့ သွားရောက်ကာ ညောင်ရွှေမြို့သို့ အင်းလေးဖောင်ဦးမြတ်စွာဘုရား ဒေသစာရီ ကြွချီအပူဇော်ခံနိုင်ရန် ဆောင်ရွက် ထားရှိမှု အစိအစဥ်များအား ကြည့်ရှုစစ်ဆေးရာ ကလောခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌက လုပ်ငန်း ဆောင်ရွက်ထားရှိသည့် အစီအစဥ်များအား ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များပေါင်းစပ်ဖြည်းဆည်းဆောင်ရွက်ပေးခဲ့သည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အင်းလေးဖောင်တော်ဦး မြတ်စွာဘုရား ညောင်ရွှေမြို့သို့ကြွချီအပူဇော်ခံမည့် နမ့်ကတ်ချောင်းဝရှိ ကျွန်းမျှောရိုင်းများ၊ ဗေဒါများကို စက်ယန္တရားများဖြင့်လည်းကောင်း၊ အင်းရေပြင်တွင်မှော်များ၊ ဒိုက်များ၊ ဗေဒါများကို စက်အား၊ လူအားဖြင့် စုပေါင်းရှင်းလင်းဆောင်ရွက်နေမှုကိုကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်စွက် မှာကြားခဲ့ကြောင်းသိရှိရသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အင်းလေး ဖောင်တော်ဦး ရှပ်ရှင်တော်မြတ်စွာဘုရားအားသွားရောက်ကြည်ညိုဖူးမြော်ကာ ပန်း၊ရေချမ်း၊ ရွှေသင်္ကန်းတို့ကို ဆက်ကပ် လှူဒါန်းကြပြီး အလှူငွေများပေးအပ် လှူဒါန်းပေးကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အင်းလေးဒေသအစုအဖွဲ့မှ စွမ်းအင်ချွေတာရေး၊ အင်းလေးရေပြင်ညစ်ညမ်းမှုမရှိစေရေးအတွက် ဆောင်ရွက်ထားသော EV လျှပ်စစ်ဓာတ်အားသွင်း မော်တော်စက်လှေစမ်းသမ်းမောင်းနှင်မှုကို ကြည့်ရူစစ်ဆေး၍လည်းကောင်း ဖောင်တော်ဦးရတနာစံကျောင်းတော်အောက်ထပ်ရှိ ဘုရားသမိုင်းဝင်ပြခန်းများဖြစ်သော အင်းလေး ဖောင်တော်ဦး မြတ်စွာဘုရားဒေသစာရီကြွချီအပူဇော်ခံမည့် အစီအစဥ်ခရီးစဥ်ပြ မြေပုံပြခန်းနှင့် အင်းလေး ဒေသရိုးရာလှေပြခန်း အားလည်းကောင်း၊ မဟာကန္ဓကုဋီတိုက်၊ ဖောင်တော်ဦး ဘုရားပလ္လင်တော် ပြခန်းအားလည်းကောင်း၊ အင်းလေးဒေသထွက် ငွေထည်ပစ္စည်းနှင့်ပေပုရပိုက်ပြခန်းအားလည်းကောင်း၊ စော်ဘွားသုံးပစ္စည်းနှင့်အင်းလေးဒေသထွက်ပဒုမ္မာကြာချည်ရက်ကန်းပြခန်းအားလည်းကောင်းကြည့်ရှုစစ်ဆေးကြရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဖောင်တော်ဦးဘုရားတွင် အစားထိုး စျေးဆိုင်ခန်း ချထားပေးသည့်နေရာတွင် ဆိုင်ခန်းများဆောက်လုပ်နေမှုအား သွားရောက်ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများကရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့