Select Page

အောင်ပန်း အောက်တိုဘာ-၂
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးသည် ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာ ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ အောက်တိုဘာ(၂)ရက် နံနက်ပိုင်းက အောင်ပန်းမြို့ ၊နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ် ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း(အောင်ပန်း)၌ ကျင်းပသည့် စက်မှုလက်မှုပညာသင်တန်းနှင့်ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်း အမှတ်စဥ်(၇) သင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။
သင်တန်းဆင်းပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက ပြည်နယ်အတွင်းမှာ စက်မှုလက်မှုလုပ်ငန်းများနှင့် ဟိုတယ်ဝန်ဆောင်မှု လုပ်ငန်းများအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုမိုရရှိရေးကို ရည်ရွယ်ပြီး ယခုလိုသင်တန်းများကိုစဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြားပေးသွားမှာ ဖြစ်ပါ ကြောင်း၊ ယခုဆိုရင် စက်မှုလက်မှုသင်တန်းအနေဖြင့် အမှတ်စဉ်(၁) မှ (၆) အထိ သင်တန်းသား ၂၅၅ ဦး ကိုသင်တန်းဆင်းပေးနိုင်ခဲ့ပြီး ၎င်းထဲမှ ၁၀၈ ဦးသည် သင်တန်းက သင်ကြားပေးလိုက်သည့် အတတ်ပညာများနှင့် အသက်မွေးဝမ်းကျောင်းပြုနေကြပြီ ဖြစ်ပါကြောင်း၊ ဟိုတယ်ဝန်မှုသင်တန်းအနေနှင့်လည်း သင်တန်းအမှတ်စဉ် (၁) မှ (၆)အထိ သင်တန်းသား၊ သင်တန်းသူ ၁၆၀ ဦးကို သင်တန်းဆင်း ပေးနိုင်ခဲ့ပြီး ၎င်းတို့မှ ၁၁၃ ဦးဟာ တောင်ကြီး ၊ ကလော၊ညောင်ရွှေ၊ အောင်ပန်းစသည့် မြို့များရှိ ဟိုတယ်များတွင် လုပ်ငန်းခွင်ဝင်ရောက်နေကြပြီ ဖြစ်ပါကြောင်း၊ မိမိတို့ တတ်မြောက်ခဲ့သည့် အတတ်ပညာ၊ နည်းပညာရပ် တွေနှင့်လုပ်ငန်းများပို မိုတိုးတက်အောင် လုပ်ကိုင်ဆောင်ရွက်သွားကြရန်ပြောကြားသည်။
ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက ထူးချွန် သင်တန်းသား၊ သင်တန်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာ၊ သင်တန်းဆင်းလက်မှတ်နှင့် အလုပ်သမားမှတ်ပုံတင်ကဒ်(Labour Card)များ ပေးအပ်ရာ သင်တန်းသား၊ သင်တန်းသူများမှ လက်ခံရယူကြသည်။
၎င်းနောက် သင်တန်းဆင်း သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဟိုတယ် ဝန်ဆောင်မှုဆိုင်ရာ လုပ်ငန်းဆက်စပ်ပစ္စည်းနှင့် အိပ်ခန်းဆောင်ထိန်းသိမ်းရေး လက်တွေ့သရုပ်ပြသနေမှုကိုလည်းကောင်း၊ အဖျော်ယမကာဝန်ဆောင်မှုကို လည်းကောင်း၊ လျှပ်စစ်၊ လက်ကိုင်ဖုန်း၊ သံဂဟေလုပ်ငန်း၊ မော်တော်ယာဥ်အင်ဂျင်နှင့်အောက်ပိုင်းလက်တွေ့ပြင်ဆင်နေမှုကို လည်းကောင်း ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့