Select Page

တောင်ကြီး အောက်တိုဘာ – ၈
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးသည် ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာ ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ တာဝန်ရှိသူများနှင့် အတူ အောက်တိုဘာ (၈) ရက် နံနက်ပိုင်းက တောင်ကြီးမြို့၊ ရွိုင်ရယ်တောင်ကြီးဟိုတယ်၌ ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် Barrier Free Tourism ၊ အရေး ပေါ်အခြေအနေတုံ့ပြန်ခြင်းနှင့် MSMEs ဆိုင်ရာ အသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက ရှမ်းပြည်နယ်ရှိ ဟိုတယ်၊ တည်းခိုရိပ် သာများနှင့် ခရီးစဉ်နေရာများကို လာရောက်လည်ပတ်ကြမည့် မသန်စွမ်း ခရီးသွားဧည့်သည်များအတွက် လွယ်ကူအဆင်ပြေစွာ သွားလာလည်ပတ်နိုင်ရန်၊ သဘာဝဘေး အန္တရာယ်များကြုံတွေ့လာပါက စနစ်တကျစီမံခန့်ခွဲ တုံ့ပြန်နိုင်စေရန်၊ ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်သော အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၊ ဒေသထုတ်ကုန်များဆိုင်ရာ အသိပညာများကို မျှဝေပေးနိုင်ရန် ရည်ရွယ်၍ ယခုသင်တန်းများကို ဖွင့်လှစ်ပို့ချပေးခြင်း ဖြစ်ပါကြောင်း၊ ယနေ့သင်တန်းကို တက်ရောက်ကြမည့် ဟော် တယ်နှင့် တည်းခိုရိပ်သာများမှ ဝန်ထမ်းသင်တန်းသားများအနေဖြင့် သဘာဝဘေးအန္တရာယ်နှင့် အခြားအရေးပေါ်အခြေအနေများ ကြုံတွေ့လာပါက အရေးပေါ်တုံ့ပြန်ရမည့် နည်းလမ်းများနှင့် လက်တွေ့ လုပ် ဆောင်ချက်များကို စိတ်ဝင်တစား လေ့လာသင်ယူသွားကြရန်နှင့် သက်ကြီးရွယ်အို၊ ကလေးသူငယ်နှင့် ကိုယ်လက်အင်္ဂါမသန်စွမ်းသူ စသည်ဖြင့် မသန်စွမ်းခရီးသွားများပါ အားလုံးနှင့်တန်းတူ ခရီးသွားလာနိုင် ရေး အထောက်အကူပြုနိုင်မည့် ဝန်ဆောင်မှုများကို ဟော်တယ်နှင့်တည်းခိုရိပ်သာများတွင် ဝန်ဆောင်မှု ပေးနိုင်ရန် စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးသွားမှာဖြစ်၍ အလေးအနက်ထား လေ့လာဆည်းပူး သင်ယူသွားကြရန် ပြောကြားသည်။
အဆိုပါ သင်တန်းကို အောက်တိုဘာ ၈ ရက်မှ ၉ ရက်နေ့အထိ စာတွေ့၊ လက်တွေ့သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ ၆၂ ဦး တက်ရောက်ကြကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့