Select Page

တောင်ကြီး သြဂုတ်-၂၅
ရှမ်းပြည်နယ်ဝန်ကြီးချုပ်စိုင်းထိန်စိုးသည် ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊တာဝန်ရှိသူများနှင့်အတူသြဂုတ်(၂၅)ရက်နံနက်ပိုင်းကတောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ အစည်းအဝေးခန်းမ၌ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာရန်ပုံငွေတို့ဖြင့် ဖွင့်လှစ်သည့် ကွန်ပျူတာသင်တန်းအမှတ်စဥ်(၃/၂၀၂၆)နှင့်တိုင်းရင်းသားရိုးရာစက်ချုပ်သင်တန်းအမှတ်စဥ်(၂/၂၀၂၆)သင်တန်းများ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင်ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုးကသင်တန်းစင်တာဖွင့်လှစ်ချိန်မှစ၍ယနေ့အချိန်အထိရှမ်းပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာရန်ပုံငွေဖြင့် သက်မွေးပညာသင်တန်းများကို (၂၂)ကြိမ်၊ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် (၁၈) ကြိမ်စုစုပေါင်း သင်တန်း အကြိမ် (၄၀) ဖွင့်လှစ်၍ သင်တန်းသား၊ သင်တန်းသူ (၈၀၀) ဦးကို သက်မွေးပညာများ သင်ကြားပေးနိုင်ခဲ့ပြီ ဖြစ်ပါကြောင်း၊ ယခုသက်မွေးပညာသင်တန်းများသို့ တက်ရောက်ကြမည့် သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်တန်းနည်းပြဆရာမက ချမှတ်သည့်စည်းကမ်းများကို လေးစားလိုက်နာ၍ သင်ခန်းစာများကို စနစ်တကျ လေ့လာမှတ်သား သင်ကြားကြရန် လိုအပ်ပါကြောင်း၊ သင်ကြားရရှိခဲ့သည့် သက်မွေးပညာရပ်များကို မိမိပတ်ဝန်းကျင်အတွက် အကျိုးရှိရှိအသုံးပြု၍ နေ့စဥ်အသုံးစရိတ်ဝင်ငွေနှင့် မိမိအတွက် အကျိုးအမြတ်ရရှိနိုင်သည့် တစ်နိုင်တစ်ပိုင်လုပ်ငန်းဖြစ်အောင် ကြိုးစားကြရန် ပြောကြားသည်။
ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုးကကွန်ပျူတာသင်တန်းအတွက်သင်ထောက်ကူပစ္စည်းများနှင့် တိုင်းရင်းသားရိုးရာ စက်ချုပ်သင်တန်းအတွက် သင်ထောက်ကူပစ္စည်းများ ပေးအပ်ရာ သင်တန်းသား၊ သင်တန်းသူများမှ အသီးသီးလက်ခံရယူကြသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြသည်။အဆိုပါသင်တန်းများတွင်ကွန်ပျုတာသင်တန်း၌သင်တန်းသား၊သင်တန်းသူ(၂၀)ဦး၊တိုင်းရင်းသားရိုးရာစက်ချုပ်သင်တန်း၌ သင်တန်းသူ(၂၀)ဦး တက်ရောက်ကြပြီး သင်တန်းကို သြဂုတ်လ(၂၄)ရက်မှ စက်တင်ဘာလ(၂၃)ရက်အထိ သက်ဆိုင်ရာသင်တန်း နည်းပြဆရာများက စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သြဂုတ် (၂၄) ရက်က ညနေပိုင်းက တောင်ကြီးမြို့နယ်၊ရွှေညောင်မြို့၊လှိုင်ဘုံသာရပ်ကွက်၊အမှတ်(၂)ရှိဦးသောင်းကြည်၏ဥစားကြက်မွေးမြူရေးခြံသို့သွားရောက်ကြည့်ရှုစစ်ဆေးရာ ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးက ဥစားကြက်ခြံနှင့်စပ်လျဥ်း၍ရှင်းလင်းတင်ပြရာပြည်နယ်ဝန်ကြီးချုပ်ကလိုအပ်သည်များပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
ထိုနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဥစားကြက်ခြံနှင့် အစာစပ်စက်ရုံတို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့