
တောင်ကြီး သြဂုတ်-၂၁
ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုးသည်ပြည်နယ်ဝန်ကြီးများ၊တိုင်းရင်းသားရေးရာဝန်ကြီးများ၊ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ သြဂုတ်(၂၁)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့၊ ပြည်နယ်အားကစားလေ့ကျင့်ရုံ၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်းမှုဖြင့် နိုင်ငံဝန်ထမ်း (အငြိမ်းစား)ပင်စင်စားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း ဆောင်ရွက်နေမှုနှင့် ပင်စင်စားများ သက်သာချောင်ချိရေးအတွက် အခြေခံစားကုန်ဖြစ်သည့် ဆန်၊ ဆီနှင့် ကြက်ဥများအားစျေးနှုန်းသက်သာစွာဖြင့်ရောင်းချပေးနေမှုများကိုသွားရောက်ကြည့်ရှုအားပေးကြ ကြောင်းသိရသည်။
ဦးစွာပြည်နယ်ဝန်ကြီးချုပ်၊ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူများသည်နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)ပင်စင်စားဝန်ထမ်းများအားစဝ်စံထွန်းဆေးရုံကြီး၊အမျိုးသမီးနှင့်ကလေးဆေးရုံကြီးတို့မှဆရာဝန်ကြီးများ၊ဆရာ၊ဆရာမများကအထွေထွေရောဂါ၊သွားနှင့်ခံတွင်းရောဂါ၊မျက်စိရောဂါစမ်းသပ်ကုသပေးနေမှုအား လည်းကောင်း၊ တိုင်းရင်းဆေးဦးစီးဌာနမှ တိုင်းရင်းဆေးများဖြင့် စမ်းသပ်ကုသပေးနေမှုအား လည်းကောင်း ကြည့်ရှုအားပေးစကားပြောကြား၍ ပင်စင်စားများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြသည်။
ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)ပင်စင်စားဝန်ထမ်းများအားစားသုံးသူရေးရာဦးစီးဌာနနှင့်လုပ်ငန်းရှင်များပူးပေါင်း၍ပင်စင်ထုတ်ရက်များတွင် အငြိမ်းစားဝန်ထမ်း တစ်ဦးကိုတစ်လလျှင်စားအုန်းဆီ(၁)ပိဿာ(၅၀)ကျပ်သား၊ဆန်(၈)ပြည်နှင့်ကြက်ဥများအားဈေးနှုန်း သက်သာစွာဖြင့် ရောင်းချပေးနေမှုကို ကြည့်ရှုအားပေး၍ ပင်စင်စားများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ လိုအပ်သည်များကို သက်ဆိုင်ရာဌာနနှင့် ပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား) ပင်စင်စားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ပင်စင်စားများ သက်သာချောင်ချိရေးအတွက် အခြေခံစားကုန်ဖြစ်သည့် ဆန်၊ ဆီနှင့်ကြက်ဥများ စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းကို လစဥ်ပင်စင်ထုတ်ရက် (၂၁)ရက်မှ လကုန်ရက်အထိ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့