Select Page

တောင်ကြီး သြဂုတ်-၂၂
၂၀၂၆ခုနှစ် (တတိယအကြိမ်)ပြည်နယ်အဆင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို သြဂုတ်(၂၂)ရက် နံနက်(၇)နာရီကတောင်ကြီးမြို့၊တောင်ကြီးငှက်ဘေးမဲ့တောအတွင်း(ကိုးနဝင်းတောင်အတက်လမ်းဘေး)၌ကျင်းပရာရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုးနှင့်ဇနီး၊ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊တိုင်းရင်းသားရေးရာဝန်ကြီးများ၊ပြည်နယ်ဥပဒေချုပ်၊ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင်ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုးကရှမ်းပြည်နယ်အတွင်းမိုးရာသီသစ်ပင် စိုက်ပျိုးပွဲအခမ်းအနားများကိုကျင်းပဆောင်ရွက်ရခြင်းသည်ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်သာယာလှပရေး၊ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းရေး၊သစ်တောသယံဇတများရေရှည်တည်တံ့စေရေး၊တောတောင်ရေမြေကိုထိန်းသိမ်းပြီးဘေးအန္တရာယ်များမှတားဆီးကာကွယ်နိုင်ရေး၊ရာသီဥတုမျှတကောင်းမွန်စေရေးတို့အတွက်ရည်ရွယ်ကျင်းပရခြင်းဖြစ်ပါကြောင်း၊ပြည်သူလူထုပူးပေါင်းပါဝင်ဆောင်ရွက်မှုဖြင့်သစ်ပင်စိုက်ပျိုးပွဲတော်များကိုဆောင်ရွက်ခဲ့ရာ၂၀၂၆ခုနှစ်မိုးရာသီတွင်ရှမ်းပြည်နယ်အတွင်းသစ်ပင်စိုက်ပျိုးပွဲပေါင်း(၅၂)ပွဲကျင်းပနိုင်ခဲ့ပြီးပျိုးပင်ပေါင်း(၄၂,၉၅၆)ပင်စိုက်ပျိုးခဲ့ပြီးဖြစ်ပါကြောင်း၊စိုက်ပျိုးပင်များရှင်သန်အောင်မြင်စေရန်အတွက်နေရာဒေသနှင့်ကိုက်ညီမည့်သစ်မျိုးမှန်ကန်စွာရွေးချယ်မှု၊စနစ်တကျမြေပြုပြင်မှု၊ရေနှင့်မြေအစိုဓာတ်ရရှိမှု၊စိုက်မည့်ကျင်းအရွယ်အစားမှန်ကန်မှု၊ပန္နက်အကွာအဝေးနှင့်စိုက်ပျိုးနည်းစနစ်မှန်ကန်မှုရှိစေရန်အထူးအလေးထား ဆောင်ရွက်ရန်လိုအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက်စိုက်ပျိုးရန်သစ်ပင်များပေးအပ်ရာရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုးကပအိုဝ်းတိုင်းရင်းသားအဖွဲ့၊သူနာပြုအဖွဲ့များအားသစ်ပင်များပေးအပ်ပြီးပြည်နယ်အဆင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ပါဝင်ဆောင်ရွက်ပေးခဲ့သော တင်မြင့်ရီရောင်းဝယ်ရေးကုမ္ပဏီအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်သည်။
ဆက်လက်၍ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးစိုင်းလုံကျော်ကအမျိုးသမီးရေးရာအဖွဲ့အားလည်းကောင်း၊အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးကခရိုင်၊မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအားလည်းကောင်း၊ပြည်နယ်သယံဇာတရေးရာဝန်ကြီးက မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့အား လည်းကောင်း စိုက်ပျိုးရန်သစ်ပင်များ ပေးအပ်ခဲ့ကြသည်။
၎င်းနောက်ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာဝန်ကြီးများနှင့် တာဝန်ရှိသူများက သတ်မှတ်နေရာများတွင် သစ်ပင်များစိုက်ပျိုးပေးကြပြီးပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည်ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည်၂၀၂၅-၂၀၂၆ခုနှစ်မိုးရာသီသစ်ပင်စိုက်ပျိုးခြင်းလုပ်ငန်းစဥ်အဆင့်ဆင့်ဆောင်ရွက်မှု မှတ်တမ်းဓါတ်ပုံများအား ကြည့်ရှုရာ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များဖြည့်စွက် မှာကြားခဲ့ကြောင်းသိရသည်။
အဆိုပါ၂၀၂၆ခုနှစ်ပြည်နယ်အဆင့်တတိယအကြိမ်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ၌ ကိုးနဝင်းကုန်းတွင် ထင်းရှူး၊ ချယ်ရီ၊ စိန်ပန်းနီ၊ စိန်ပန်းပြာ၊ ခရေ၊ စံကားဝါ၊ ငုရွှေဝါ၊ မဟော်ဂနီ၊ စကားဝါ စသည့်သစ်မျိုး (၇)မျိုး၊ အပင်ပေါင်း (၁,၁၀၀)ကို စိုက်ပျိုးပေးကြကြောင်း သိရှိရသည်။
ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့၊ပေါင်လင်းကျေးရွာအုပ်စု၊လိုင်ဟာမြားဒေသရှိ ခနောက်စိမ်းသတ္တု (၉၉.၆၅) ရာခိုင်နှုန်းသန့်စင်ပြီး ဘလောက်တုံးစက်ရုံသို့သွားရောက်ကြည့်ရှုစစ်ဆေးရာရှင်းလင်းဆောင်ခန်းမ၌ပတ္တမြားနဂါးခနောက်စိမ်း သတ္တုကုမ္ပဏီလိမီတက်ဥက္ကဋ္ဌဦးနေဝင်းထွန်းကခနောက်စိမ်းသတ္တုသန့်စင်စက်ရုံနှင့်စပ်လျဥ်း၍ရှင်းလင်းတင်ပြပြီးရှင်းလင်းတင်ပြမှုအပေါ်ပြည်နယ်ဝန်ကြီးချုပ်ကနိုင်ငံ့စီးပွားထုတ်ကုန်တစ်ခုတိုးမြင့်ဆောင်ရွက်သွားရန် မှာကြား၍ လိုအပ်သည်များဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက်ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ခနောက်စိမ်းသတ္တုမိုင်းတွင်းနှင့် သတ္တုကြိတ်ခွဲစက်ရုံအားလည်းကောင်း၊ခနောက်စိမ်းသတ္တုအရည်ကျိုစက်ရုံနှင့်ခနောက်စိမ်းသတ္တုဘလောက်တုံးများကိုလည်းကောင်း၊ဓါတ်ခွဲခန်းတို့ကိုလည်းကောင်းလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြ ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့