Select Page

အေးသာယာ သြဂုတ်-၈
လီဆူတိုင်းရင်းသားစာပေနှင့် ယဥ်ကျေးမှုအသင်း၏ (၁၅)ကြိမ်မြောက် နှစ်ပတ်လည် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို သြဂုတ်(၇)ရက် နံနက်ပိုင်းက တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ တိုင်းရင်းသားစင်တာ၌ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ တာဝန်ရှိသူများ၊ ရှမ်းပြည်နယ်ရှိ လီဆူတိုင်းရင်းသား စာပေယဥ်ကျေးမှုအဖွဲ့များ တက်ရောက်ကြသည်။
ဦးစွာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း တိုင်းရင်းသားလူမျိုး(၁၃၅)မျိုး မှီတင်းနေထိုင်လျက်ရှိပြီး ရှမ်းပြည်နယ်သည် တိုင်းရင်းသားလူမျိုးပေါင်းစုံ နေထိုင်ကြသည့် ပြည်နယ်တစ်ခုဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်တွင် နေထိုင်သည့် တိုင်းရင်းသားလူမျိုးများအနေဖြင့် ဘာသာစကား၊ စာပေ၊ ရိုးရာယဥ်ကျေးမှုဓလေ့ထုံးတမ်း အစဥ်အလာများ မတူညီသော်လည်း တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်မှု၊ အပြန်အလှန်ယုံကြည်မှု၊ ချစ်ခင်လေးစားမှုနှင့် ရိုင်းပင်းကူညီမှုရှိရန် အလွန်အရေးကြီးပါကြောင်း၊ စည်းလုံးညီညွတ်မှုရှိမှ တည်ငြိမ်အေးချမ်းမည်ဖြစ်ပြီး တည်ငြိမ်အေးချမ်းမှ ဖွံ့ဖြိုးရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် လီဆူတိုင်းရင်းရေးသား လူမျိုးရေးရာဝန်ကြီး ဒေါ်ငွေလှိုင်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး လီဆူတိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌက ကျေးဇူတင်စကား ပြန်လည်ပြောကြား၍ တက်ရောက်လာသည့် လီဆူတိုင်းရင်းသားစာပေယဉ်ကျေးမှု အဖွဲ့ဝင်များနှင့် မိတ်ဆက်ပေးသည်။ ယင်းနောက် လီဆူတိုင်းရင်းသားစာပေယဥ်ကျေးမှု အဖွဲ့မှ တိုင်းရင်းသူလေးများက ကပြ၊သီဆိုဖျော်ဖြေကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လီဆူတိုင်းရင်းသား စာပေယဥ်ကျေးမှုအဖွဲ့အား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့