
နောင်ချို သြဂုတ်-၂
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးသည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ သြဂုတ်(၂)ရက်နံနက်ပိုင်းက ရှမ်းပြည်နယ်(မြောက်ပိုင်း)နောင်ချိုမြို့တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ နောင်ချိုမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ လမင်းစီမံချက်ဖြင့် အသက်(၁၀)နှစ်အထက် ကျောင်းသား၊ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကဒ်ပြားနှင့် UIDထုတ်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကိုကြည့်ရှုအားပေးပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးတို့က ကျောင်းသား၊ ကျောင်းသူများအား ဆောင်ရွက်ပြီးသောစီးသော နိုင်ငံသားစိစစ်ရေးကဒ်ပြားနှင့် UIDကဒ်များပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် နောင်ချိုမြို့၊ အုမ္မခါးရွာရှိစိုက်ပျိုးရေးဦးစီးဌာန၊ နှစ်ရှည်သီးနှံဌာနခွဲ၊ နှစ်ရှည်ပင်များသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ(နောင်ချို)သို့သွားရောက်ကာ သင်တန်းခန်းမတွင် နောင်ချိုမြို့နယ် နှစ်ရှည်ပင်သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ၊ဦးစီးအရာရှိ ဦးတင်နိုင်ထွန်းက မက္ကဒေးမီယား၏ သမိုင်းအကျဥ်းနှင့်စပ်လျဥ်း၍ ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး မက္ကဒေးမီးယားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ခဲ့သည့်မှတ်တမ်းများ၊ မက္ကဒေးမီးယားကုန်ကြမ်းမှ ကုန်ချောထုတ်လုပ်မှု အဆင့်ဆင့်ပြခန်းကိုလည်းကောင်း၊ စိုက်ပျိုးထားသည့် တစ်ရှူးဌက်ပျော၊ ကုန်းမြင့်ကော်ဖီ၊ မက္ကဒေးမီးယားပျိုးပင်များတို့ကို ကြည့်ရှုအားပေးခဲ့ကြသည်။
ထိုနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် နောင်ချိုမြို့၊ လောက်ဖန်းကျေးရွာရှိ ငွေရည်ပုလဲဘိလပ်မြေစက်ရုံသို့ သွားရောက်ကြည့်ရှုရာ ကုမ္ပဏီရှိအစည်းအဝေးခန်းမ၌ ကုမ္ပဏီတာဝန်ရှိသူတစ်ဦးမှ ဘိလပ်မြေစက်ရုံနှင့်စပ်လျဥ်း၍ ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး ဘိလပ်မြေစက်ရုံအား လှည့်လည်ကြည့်ရှုခြင်း၊ ထိန်းချုပ်စက်ရုံအား သွားရောက်ကြည့်ရှုခြင်းနှင့် အသစ်တည်ဆောက်နေသော ဘိလပ်မြေတန်(၅၀၀၀)ကျ စက်ရုံတည်ဆောက်နေမှုတို့ကို သွားရောက်ကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့