တောင်ကြီး ဇူလိုင်-၁၈
ရှမ်းပြည်နယ်အတွင်းရှိ MSMEလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် MSMEလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲကိုဇူလိုင်(၁၈)ရက်နံနက်ပိုင်းကတောင်ကြီးမြို့၊မြို့တော်ခန်းမ၌ကျင်းပရာရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုး၊ပြည်နယ်ဝန်ကြီးများ၊တိုင်းရင်းသားရေးရာဝန်ကြီးများ၊ပြည်နယ်ဥပဒေချုပ်၊ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များ တက်ရောက်ကြသည်။
အခမ်းအနားတွင်ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုးကရှမ်းပြည်နယ်အတွင်းရှိMSMEလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက်ကဏ္ဍအလိုက်တာဝန်ယူဆောင်ရွက်ရမည့်အချက်များကိုအတူတကွလုပ်ဆောင်နိုင်ရန်နှင့်ကြုံတွေ့နေရသည့်အခက်အခဲများ၊လိုအပ်ချက်များကိုကူညီဖြေရှင်းပေးနိုင်စေရန်ရည်ရွယ်ပြီးယနေ့တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊ဒေသဖွံ့ဖြိုးတိုးတက်စေရန်အတွက်တစ်ဦးတစ်ယောက်၊ဌာနအဖွဲ့အစည်း၊အသင်းအဖွဲ့တစ်ခုတည်းနှင့်လုပ်ယူလို့မရပါကြောင်း၊ဆက်စပ်ဌာနအချင်းချင်းပေါင်းစည်းဆောင်ရွက်မှသာအောင်မြင်နိုင်မှာဖြစ်ပါကြောင်း၊ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်ဒေသအတွင်းရှိMSMEများရဲ့လိုအပ်ချက်၊အခက်အခဲများကိုသက်ဆိုင်ရာဌာနများအလိုက်ဝိုင်းဝန်းအဖြေရှာကြရမှာဖြစ်ပါကြောင်း၊MSMEလုပ် ငန်းများနှင့်စပ်လျဉ်းပြီး တစ်နေရာတည်းမှာဝန်ဆောင်မှုပေးနိုင်တဲ့အဖွဲ့ One Stop Service Center ကိုလည်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများရုံးဟောင်းမှာ မကြာမီဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်ကြီးဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဥ်များကို သက်ဆိုင်ရာဌာနများ၊ MSME လုပ်ငန်းရှင်များက ဝိုင်းဝန်းကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် ပြောကြားသည်။
ထို့နောက်အခမ်းအနားတက်ရောက်လာကြသောလုပ်ငန်းရှင်များကMSMEလုပ်ငန်းများနှင့်စပ်လျဉ်း၍လိုအပ်ချက်များနှင့်အခက်အခဲများအားတင်ပြကြရာရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်စီမံကိန်း၊စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီးကလည်းကောင်း၊သက်ဆိုင်ရာပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများကလည်းကောင်း ပြန်လည်ရှင်းလင်း တင်ပြဆွေးနွေးကြကြောင်း သိရသည်။
၎င်းနောက်ပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုးကလုပ်ငန်းရှင်များ၏တင်ပြချက်များအပေါ်ပြန်လည်သုံးသပ်ဆွေးနွေး၍လိုအပ်သည်များကိုပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီးနိဂုံးချုပ်စကားပြောကြားကာ တက်ရောက်လာကြသော လုပ်ငန်းရှင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး