
တောင်ကြီး မတ်-၂၈
မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့်အခမ်းအနားကို မတ်(၂၈)ရက် မွန်းတည့်(၁၂)နာရီ၄၅မိနစ်က တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်မှူးချုပ်ကျော်နိုင်ဦးနှင့်ဇနီး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ လူမှူရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ UN/NGOအဖွဲ့များ၊ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က ယနေ့အခမ်းအနားသည် ၂၀၂၅ခုနှစ်မတ်လ၂၈ရက်နေ့မှာ စစ်ကိုင်းမြို့ကို ဗဟိုပြုလှုပ်ခတ်ခဲ့သည် မန္တလေးငလျင်ကြီး တစ်နှစ်ပြည့်အခမ်းအနားဖြစ်ပါကြောင်း၊ ယခုအခမ်းအနားဆောင်ရွက်နေစဥ် ညောင်ရွေမြို့၊ အင်းလေးဒေသ ကေလာကျေးရွာတွင်လည်းကောင်း၊ ကလောမြို့နယ်၊ ပင်လောင်းမြို့နယ်နှင့် တောင်ကြီးမြို့နယ်တို့တွင် လည်းကောင်း မန္တလေးငလျင်ဖြစ်စဉ်တွင် သေဆုံးခဲ့သူများအတွက် ရေစက်သွန်းချ ကောင်းမှုပြုလုပ်ပေးနေပါကြောင်း၊ တစ်နိုင်ငံလုံးအနေဖြင့် မန္တလေးငလျင်ဒဏ် ထိခိုက်ခံးစားရသူ လူဦးပေါင်း (၃၉၃၆၀၆)ဦး၊ သေဆုံးသူ(၃၆၇၄)ဦး၊ လုံးဝပျက်စီးနေအိမ်ပေါင်း(၁၁၇၉၉)လုံး၊ တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ်ပေါင်း(၃၉၆၀၃)လုံးထိ ရှိခဲ့ရာ စုစုပေါင်းဆုံးရှုံးမှုတန်ဖိုးငွေကျပ်(၇၉၇၉) ဘီလံကျော် အမေရိကန်ဒေါ်လာသန်း(၃၈၀၀)ခန့်ရှိခဲ့ပါကြောင်း၊ ရှမ်းပြည်နယ်၌လည်း တက္ကသိုလ်/ကောလိပ်များ၊ သင်တန်းကျောင်းများ၊ စာသင်ကျောင်းများ၊ ဆေးရုံနှင့် ကျန်းမာရေးအဆောက်အအုံများ၊ ဆည်/တာတမံများ၊ ဟိုတယ်၊မိုတယ်များ၊ နိုင်ငံပိုင်ရုံးဌာနနှင့်အခြားအဆောက်အအုံများ၊ ပုဂ္ဂလိကစက်ရုံ၊ အလုပ်ရုံများနှင့် အခြေခံအဆောက်အဦးများ ပျက်စီးခဲ့ရာ ဆုံးရှုံးမှုတန်ဖိုးမှာ ငွေကျပ်သန်း(၁၃၂.၉) ဘီလံကျော်ဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်အတွင်း ငလျင်ကြောင့် မြို့နယ်(၁၂)ခုမှာ ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ပြီး ကလော၊ ညောင်ရွှေ၊ တောင်ကြီးနှင့် ပင်လောင်းမြို့တို့တွင် သေဆုံးသူ(၆၈)ဦးရှိခဲ့ပါကြောင်း၊ ဘေးသင့်အိမ်ထောင်စု(၅၀၈၇)စုနှင့် လူဦးရေ (၂၁၄၆၈) ဦး အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီး လုံးဝပျက်စီးနေအိမ်(၂၄၅၀)လုံးနှင့် တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ်(၂၂၄၃)လုံးရှိခဲ့ပြီး ညောင်ရွှေမြို့နယ်မှာ ကယ်ဆယ်ရေးစခန်း(၆)ခု ဖွင့်လှစ်ခဲ့ပါကြောင်း၊ ကယ်ဆယ်ရေးစခန်းတွင် ငလျင်ဘေးသင့်ပြည်သူ (၁၂၇၂)ဦး လာရောက်ခိုလှုံခဲ့ကြပါကြောင်း၊ အရေးပေါ်လိုအပ်ချက်များဖြစ်သည့် စားနပ်ရိက္ခာ၊ အသုံးအဆောင်ပစ္စည်းများ၊ သောက်သုံးရေ၊ အမိုးအကာရရှိရေး၊ ဘေးကင်းလုံခြုံရေးတို့အပြင် နောက်ဆက်တွဲရောဂါများမဖြစ်ပေါ်ရေးတို့အတွက်လည်း အလေးထား ဆောင်ရွက်ခဲ့ပြီး အလှူရှင်များ၊ ပရဟိတအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ လှူဒါန်းမှုများကိုလည်း စနစ်တကျလက်ခံဖြန့်ခွဲပြီး ဘေးသင့်ပြည်သူများထံသို့ အမှန်တကယ်ရှိအောင် ကြီးကြပ်ဆောင်ရွက်ခဲ့ပါကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လုံးဝပျက်စီးနေအိမ်(၂၄၅၀)လုံး ပြန်လည်တည်ဆောက်ရေးအတွက် တစ်အိမ်လျှင် ၇ သိန်းနှုန်းကို အစောပိုင်းပြန်လည်ထူထောက်ရေးကာလက ထောက်ပံ့ပေးခဲ့ပါကြောင်း၊ နိုင်ငံတော်အစိုးရကလည်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုက်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ပျက်စီးနေအိမ် အမျိုးအစားအလိုက် နှုန်းထားများသတ်မှတ်ပြီး ငွေသားသစ်ဖိုးငွေ၊ ဘိလပ်မြေ၊ အမိုးသွပ်နှင့် သံချောင်းလုံးများကို ပံ့ပိုးပေးခဲ့ရာ ရှမ်းပြည်နယ်အတွက်ရရှိငွေမှာ (၁၃၇)ဘီလီလံယံဖြစ်ပါကြောင်း၊ ပြည်သူများ၏နေအိမ်အတွက် ငွေကြေးသုံးစွဲထောက်ပံ့ပေးခဲ့ခြင်းသည် ပြည်သူများ သဘာဝဘေး ထိခိုက်မှုမှ ပြန်လည်ထူထောင်ရေးအတွက်သာမက နောင်ဖြစ်ပေါ်လာမည့် ဘေးအန္တရာယ်များကိုလည်း ကြံကြံခံ ရင်ဆိုင်နိုင်ရေးအတွက် ဆောင်ရွက်ထားရှိနိုင်အောင် ပံ့ပိုးပေးရခြင်းဖြစ်ပါကြောင်း ရှမ်းပြည်နယ်အနေဖြင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးကျပ်သန်း(၁၃၂၉၃၅.၂၆၅)ရှိခဲ့ပြီး တုံ့ပြန်ရေးနှင့်ပြန်လည်ထူထောင်ရေးအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာရန်ပုံငွေမှ စုစုပေါင်းငွေကျပ် ၁၅၃ဘီလီယံရှိပြီး ငလျင်ကြောင့် ပျက်စီးမှုကဏ္ဍအလိုက် ဆောင်ရွက်နေသည့် လုပ်ငန်းပေါင်း (၂၇၈၅)ခုရှိပြီး တန်ဖိုး၂၆.၇ဘီလီယံကျော်ရှိပါကြောင်း၊ လုပ်ငန်းအားလုံး၏ (၈၂.၂၃) ရာခိုင်နှုန်းကို တစ်နှစ်အတွင်း အကောင်အထည်ဖော်နိုင်ခဲ့ပြီး ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်မှာ (၁၆.၅၉) ရာခိုင် နှုန်းနှင့်၂၀၂၇- ၂၀၂၈ ဘဏ္ဍာရေးနှစ်မှာ (၀.၁၈)ရာခိုင်နှုန်း ဆက်လက်အကောင်အထည်ဖော်မှာဖြစ်ပါကြောင်း ပြောကြား သည်။
ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်မှူးချုပ် ကျော်နိုင်ဦး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးစိုင်းလုံကျော်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးတွင်းမှူးတို့က ငလျင်လှုပ်ခတ်မှုတွင် ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ခဲ့ကြသည်။
ယင်းနောက် မန္တလေးငလျင်ကြီးလှုပ်ခတ်မှု(၁) နှစ်ပြည့် Video Clip ကို ပြသရာ ပြည်နယ်ဝန်ကြီးချုပ်၊တိုင်းမှူး၊ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် အခမ်းအနားတက်ဘရောက်လာကြသူများက ကြည့်ရှုခဲ့ကြည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများသည် ခန်းမအပြင်ဘက်တွင် မန္တလေးငလျင်ကြီးလှုပ်ခတ်မှု(၁)နှစ်ပြည့် ခင်းကျင်းပြသထားသည့် အရေးပေါ်တုံ့ပြန်ရေး၊ ရှာဖွေကူညီကယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်မှုပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့