တောင်ကြီး ဇွန်-၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင် (၃၉)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ကို ဇွန်(၂၆)ရက် နံနက်(၈)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆရာ၊ဆရာမနှင့် ကျောင်းသားကျောင်းသူများ၊ ဆုရရှိသူများနှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်းက ရှမ်းပြည်နယ်အတွင်း ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများအနက် တရားရုံးပြီးပြတ်ခဲ့သော အမှုပေါင်း(၁၃၀၈)မှုမှ မူးယစ်ဆေးဝါး အမျိုးအစား(၂၄)မျိုးနှင့် ဓာတုပစ္စည်းအမျိုးအစား (၆၉)မျိုး၊ တန်ဖိုးအားဖြင့် မြန်မာငွေကျပ် ၆၁၇ဘီလီယံကျော် (အမေရိကန်ဒေါ်လာ၁၆၈သန်းကျော်)တို့အား မီးရှို့ဖျက်ဆီးသွားမှာ ဖြစ်ပါကြောင်း ၊၂၀၂၆ခုနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်း အမှတ်အဖြစ် ရှမ်းပြည်နယ်အတွင်း ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာပန်းချီပြိုင်ပွဲများကို လူထုလှုပ်ရှားမှုအသွင်ဖြင့် ကျင်းပဆောင်ရွက်ခဲ့ပြီး ပြိုင်ပွဲများတွင် ဆုရရှိသူများနှင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးလုပ်ငန်းများမှာ စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသည့် တပ်ဖွဲ့ဝင်များ၊ ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြသည့် တာဝန်သိပြည်သူများကို ယနေ့အခမ်းအနားတွင် ဆုချီးမြှင့်ခြင်းများ ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် (၃၉) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အတွက် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံမှ ပေးပို့သော သဝဏ်လွှာအား ရှမ်းပြည်နယ် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ဒုတိယဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးဇော်ဝင်းဌေးက ဖတ်ကြားပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၏ ဆောင်ရွက်ချက် မှတ်တမ်းဗွီဒီယိုကလစ် ပြသမှုကို ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် အခမ်းအနား တက်ရောက်လာသူများက ကြည့်ရှုအားပေးကြသည်။
၎င်းနောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာပေ၊ ဂီတပြိုင်ပွဲများတွင် ဆုရရှိသူများ၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများကို စွမ်းစွမ်းတမံ ကြိုးစားဆောင်ရွက်ခဲ့သူများအား ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ရှမ်းပြည်နယ်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်း၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်သူများက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုငွေများချီးမြှင့်ပေးကြပြီး ဆုရရှိသူများနှင့် မှတ်တမ်းဓာတ်ပုံရိုက်ကူးကြသည်။
ယင်းနောက် (၃၉)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်း ဝယ်မှု တိုက်ဖျက်ရေးနေ့ မူးယစ်ဆေးဝါးပပျောက်ရေးလှုပ်ရှားမှု ပြခန်းများအား ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးသန်းဦးလွင်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ပြခန်းများအား လှည့်လည်ကြည့်ရှုကြကြောင်းသိရသည်။
၎င်းနောက် အခမ်းအနားဒုတိယပိုင်းတွင် ဖမ်းဆီးရမိမူးယစ်ဆေးဝါးများနှင့် ဓါတုပစ္စည်းများမီးရှို့ဖျက်ဆီးပွဲတွင် ရှမ်းပြည်နယ်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့အတွင်းရေးမှူး၊ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရဲမှူးချုပ် ကျော်ကျော်ဟန်က ဖမ်းဆီးရမိမူးယစ်ဆေးဝါးများ မီးရှို့ဖျက်စီးမှုနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြကြောင်းသိရသည်။
ယင်းနောက် ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်နိုင်ဦး၊ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးစိုင်းလုံကျော်၊ မူးယစ်တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့၊ အဖွဲ့ဝင်ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဗိုလ်ချုပ်မင်းသူနှင့် တာဝန်ရှိသူများက မြေကျင်းအတွင်းသွန်ချဖျက်ဆီးပေးကြပြီး မီးရှို့ဖျက်ဆီးမည့် မူးယစ်ဆေးဝါးများအားကြည့်ရှု့စစ်ဆေးကြသည်။
ထို့နောက် မူးယစ်ဆေးဝါးများအားစက်ခလုတ်နှိပ် မီးရှို့ဖျက်ဆီးရန်အတွက် အရှေ့ပိုင်းတိုင်းစစ်ဌာချုပ် တိုင်းမှူးဗိုလ်မှူးချုပ်ကျော်နိုင်ဦး၊ မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၊ အဖွဲ့ဝင်ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဗိုလ်ချုပ် မင်းသူ၊ ရှမ်းပြည်လွှတ်တော်ဥက္ကဋ္ဌဦးစိုင်းလုံကျော်နှင့် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင်၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက သတ်မှတ်နေရာအသီးသီးတွင် နေရာယူ၍ စက်ခလုတ်နှိပ် မီးရှို့ဖျက်ဆီးပေးကြကြောင်းသိရသည်။ အဆိုပါ အခမ်းအနားတွင် မီးရှို့ဖျက်ဆီး၍မရသည့် ဓာတုပစ္စည်းများကို တောင်ကြီးမြို့၊ ထီဖောင်းကျေးရွာအုပ်စု၊ စည်ပင်အမှိုက်ကျင်းသွားလမ်းဘေးရှိ ကျောက်ကျင်းဟောင်း၌ မြေမြုပ်ဖျက်ဆီးခဲ့ကြောင်းသိရသည်။
၎င်းနောက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးတို့က (၃၉)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အခမ်းအနားတွင် ပါဝင်ကူညီဆောင်ရွက်ပေးကြသည့် အမှတ်(၁) နှင့် အမှတ်(၃)အခြေခံ ပညာအထက်တန်းကျောင်းမှ ဘင်ခရာတပ်ဖွဲ့နှင့် ပန်းပွားအား ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်ခဲ့ကြောင်းသိရှိရသည်။
အဆိုပါ (၃၉)ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အခမ်းအနားတွင် မီးရှို့ဖျက်ဆီးမည့် မူးယစ်ဆေးဝါးများမှာ ဘိန်း၊ ဘိန်းဖြူ၊ စိတ်ကြွရှူးသွပ်ဆေးပြား၊ စိတ်ကြွအကြေမှုန့်၊ အိုက်စ်၊ အိုက်စ်အရည်၊ ဆေးခြောက်၊ ဆေးခြောက်အာနိသင်ပါသောမုန့်၊ ဘိန်းဆီခဲ၊ အဆင့်နိမ့်ဘိန်း၊ ဘိန်းဆီရည်၊ ဘိန်းစာရွက်၊ ဘိန်းစာရည်၊ ဘိန်းရည်၊ အက်တက်စီဆေးပြား၊ အက်တက်စီအကြေ၊ ကက်တမင်း၊ ကက်တမင်းအရည်၊ စိတ်ပြောင်းဆေးဝါး (Happy Water) စိတ်ပြောင်းဆေးဝါး(Happy Water)အရည်၊ အဆီ၊ Happy-၅ ဆေးပြား၊ Erimin-၅ ဆေးပြား၊ ချောင်းဆိုးပျောက်ဆေးရည်တို့ဖြစ်ပြီး တန်ဖိုးအားဖြင့် မြန်မာငွေကျပ်(၆၁၇)ဘီလီယံကျော်၊ (အမေရိကန် ဒေါ်လာ ၁၆၈ သန်းကျော်) တို့အား မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရှိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး