Select Page

ညောင်ရွှေ အောက်တိုဘာ-၁၆
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးသည် ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာ ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ တာဝန်ရှိသူများနှင့်အတူ အောက်တိုဘာ (၁၆)ရက် နံနက်ပိုင်းက ညောင်ရွှေမြို့နယ်၊ အိုင်ထောင့်ကြီးကျေးရွာတွင် ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) ပြန်လည် ဆောက်လုပ်ပြီးစီး၍ ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်းသိရသည်။
ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အင်းလေးရေပြင်တွင် ကျွန်းမျှော ရိုင်းများ၊ ဗေဒါများကို စက်ယန္တရားများဖြင့်လည်းကောင်း၊ အင်းရေပြင်တွင် မှော်များ၊ ဒိုက်များ၊ ဗေဒါများကို စက်အား၊ လူအားဖြင့် စုပေါင်းရှင်းလင်းဆောင်ရွက်နေမှုကို လည်းကောင်း လှည့်လည် ကြည့်ရှု စစ်ဆေးခဲ့ကြကြောင်းသိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် မိုင်းသောက်အင်းအနီးရှိ ရေလယ် ဧည့်ခန်းမတွင် အင်းလေး ဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ်များ ညောင်ရွှေမြို့သို့ ဒေသစာရီ ကြွချီ အပူဇော်ခံမည့်ပွဲတော်တွင် နှစ်စဥ်စည်ကားသိုက်မြိုက်စွာကျင်းပသည့် အင်းသားရိုးရာလှေလှော် ပြိုင်ပွဲ အုပ်စုအဆင့် ပြိုင်ပွဲများဖြစ်သည့် အမျိုးသားရာကျော် လှေလှော်ပြိုင်ပွဲ၊ အမျိုးသား(၄၆)တက် လှေလှော် ပြိုင်ပွဲ၊ အမျိုးသမီး (၂၆) တက် လှေလှော်ပြိုင်ပွဲ၊ ကျောင်းသား(၂၆)တက် လှေလှော်ပြိုင်ပွဲ များတွင် ပြိုင်ပွဲဝင် အသင်းများ၏ စည်းလုံးညီညွတ်မှု စိတ်ဓာတ်အပြည့်ဖြင့် ပါဝင်ယှဥ်ပြိုင်နေမှုများကို ဒေသခံ တိုင်းရင်းသား ပြည်သူများနှင့်အတူ ကြည့်ရှုအားပေးကြကြောင်း သိရသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက ပါဝင်ယှဥ်ပြိုင်ကြသော လှေအသင်းများ၊ တိုင်းရင်းသား ရိုးရာယဥ်ကျေးမှု အကအဖွဲ့များနှင့် ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ရာ တာဝန်ရှိသူအသီးသီးမှ လက်ခံရယူကြသည်။
အဆိုပါ အင်းသားရိုးရာလှေပြိုင်ပွဲတွင် ရာကျော်လှေလှော်ပြိုင်ပွဲ၊အမျိုးသား(၄၆)တက် လှေလှော် ပြိုင်ပွဲ၊ အမျိုးသမီး(၂၆)တက်လှေလှော်ပြိုင်ပွဲ၊ ကျောင်းသား(၂၆) တက်လှေလှော်ပြိုင်ပွဲ အုပ်စုပွဲစဥ် များတွင် အနိုင်ရရှိသည့်အသင်းများသည် ညောင်ရွှေမြို့သို့ အင်းလေးဖောင်တော်ဦး မြတ်စွာဘုရား ရုပ်ရှင် တော်မြတ်များကြွချီအပူဇော်ခံမည့် အောက်တိုဘာ(၁၈)ရက်နေ့တွင် စည်ကားသိုက်မြိုက်စွာကျင်းပမည့် အင်းလေးရိုးရာလှေပြိုင်ပွဲ အကြိုဗိုလ်လုပွဲနှင့်ဗိုလ်လုပွဲစဥ်များတွင် ပါဝင်ယှဥ်ပြိုင် ကြရမည် ဖြစ်ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့