တောင်ကြီး ဇွန်-၁၃
၂၀၂၆ ခုနှစ် ရှမ်းပြည်နယ် (ပထမ)အကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ဇွန်(၁၃)ရက်နံနက်(၇)နာရီခွဲက တောင်ကြီးမြို့ရှောင်လမ်းဘေး၊ နောင်တလိကျေးရွာအနီး၊ တောင်ကြီး(ထင်း)ကြိုးဝိုင်းအတွင်း၌ ကျင်းပရာ အမျိုးသမီးရေးရာရာဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ဇင်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးနှင့်ဇနီး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့်ဇနီး၊ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ် တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တက္ကသိုလ်နှင့်သင်တန်းကျောင်းအသီးသီးမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ် ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုးက ရှမ်းပြည်နယ်တွင်၂၀၂၆ခုနှစ် ပထမအကြိမ် သစ်ပင်စိုက်ပျိုးပွဲကို ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရန်၊ သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရန်၊ ဂေဟစနစ်ထိန်းသိမ်းနိုင်စေရန်၊ သစ်တောပြုစုထိန်းသိမ်းရေးလုပ်ငန်းများမှာ ပြည်သူများတက်ကြွစွာ ပူးပေါင်းပါဝင်လာစေရန်နှင့် အင်းလေးကန်ရေဝေရေလဲဒေသတွင် သစ်တောများပြန်လည် ဖြစ်ထွန်းလာစေရန် ရည်ရွယ်ပြီးကျင်းပရခြင်းဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်အတွင်း၂၀၂၆ ခုနှစ်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများကို မြို့နယ်၊ ခရိုင်၊ ပြည်နယ်အဆင့် (၄၇)ပွဲကို ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လျာထားစိုက်ပျိုးဆောင်ရွက်သွားမှာဖြစ်ပါကြောင်း၊ သစ်ပင်စိုက်ပျိုးခြင်းနှင့်သစ်တောများထိန်းသိမ်းခြင်းသည် သဘာဝပတ်ဝန်းကျင်အတွက်သာမက ပြည်သူများ၏ ကိုယ်ပိုင်အကျိုးစီပွားကို ကာကွယ်ခြင်းလည်း ဖြစ်ပါကြောင်း၊ သစ်တောများသည် ပြည်သူများ၏ နေ့စဥ်ဘဝအသက်မွှေးဝမ်းကြောင်းမှု၊ ရေနှင့်စားရေရိက္ခာဖူလုံရေးတို့နှင့် တိုက်ရိုက်ဆက်စပ်နေသဖြင့် ပြည်သူများ၏ပူးပေါင်းပါဝင်မှုသည် အရေးအကြီးဆုံးအချက်ဖြစ်ပါကြောင်း၊ သစ်ပင်စိုက်ပျိုးမှုသည် နိုင်ငံတော်နှင့်ပြည်သူများအတွက် တိုက်ရိုက်အကျိုးဖြစ်စေရုံသာမက ရာသီဥတုပြောင်းလဲဖောက်ပြန်မှုများကို တစ်ဖက်တစ်လမ်းက ကာကွယ်တားဆီရာတွင် အထောက်အပံ့ဖြစ်သကဲ့သို့ လူသားတို့ အသက်ရှင်ရပ်တည်ရေးအတွက်လည်း အဓိကကျပါကြောင်း ပြောကြားသည်။
ထို့နောက် စိုက်ပျိုးရန်သစ်ပင်များပေးအပ်ရာ အမျိုးသမီးရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ဇင်က ပအိုဝ်းတိုင်းရင်းသားအဖွဲ့နှင့် အမျိုးသမီးရေးရာအဖွဲ့အားလည်းကောင်း၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်းစိုးက ရှမ်းတိုင်းရင်းသားအဖွဲ့နှင့် ထနော့တိုင်းရင်းသားအဖွဲ့အား လည်းကောင်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးက ခရိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအား လည်းကောင်း၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့အားလည်းကောင်း စိုက်ပျိုးရန်သစ်ပင်များပေးအပ်ခဲ့ကြသည်။
၎င်းနောက် သစ်ပင်များကို အမျိုးသမီးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ဇင်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာဝန်ကြီးများနှင့် တာဝန်ရှိသူများက သတ်မှတ်နေရာများတွင် သစ်ပင်များစိုက်ပျိုးပေးကြပြီး အခမ်းအနားတက်ရောက်လာသူများမှ သစ်ပင်စိုက်ပျိုးပေးနေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါ၂၀၂၆ခုနှစ် ရှမ်းပြည်နယ်(ပထမ)အကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် အပင်အမြင့်(၃)ပေနှင့်အထက်ရှိသော ခရေ၊ ထင်းရှူး၊ ခါတော်မီ၊ ချယ်ရီ၊ စိန်ပန်းပြာ၊ စိန်ပန်းနီ၊ မာတာကွတ်စသည့်သစ်မျိုး(၇) မျိုး၊ ပျိုးပင်စုစုပေါင်း(၁၀၀၀)စိုက်ပျိုးပေးကြကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး