Select Page

တောင်ကြီး အောက်တိုဘာ-၁၉
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးသည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ အောက်တိုဘာ(၁၉)ရက် ညနေပိုင်းက တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ကွက်ရှိ ဘဲဥရေလှောင်ကန်နှင့် ပန်းတင်လမ်းမကြီး ကွန်ကရစ်ခင်းနေမှုအား ကွင်းဆင်း ကြည့်ရှု စစ်ဆေးကြကြောင်း သိရသည်။
ဦးစွာ ရေအေးကွင်းရပ်ကွက်ရှိ ဘဲဥရေလှောင်ကန်နှင့်စပ်လျဥ်း၍ ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာန ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းက ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က ဘဲဥရေလှောင်ကန်အား လုံခြုံမှုရှိအောင် ဆောင်ရွက်ထားရှိရန်နှင့် သုံးရေအတွက် လုံလောက်မှုရှိစေရေး စနစ်တကျ ထိန်းသိမ်းဖြန့်ဝေပေးရန် လိုအပ်ပါကြောင်း၊ အယ်နီညိုဖြစ်စဥ် ကာလတွင်လည်း ရေများခမ်းခြောက်မှု မဖြစ်ပွားစေရန်နှင့် နွေရာသီကာလတွင်လည်း ရေများလုံလောက်မှုရှိစေရန်၊ စနစ်တကျထိန်းသိမ်းစောင့်ရှောက်သွားရန် လိုအပ်ပါကြောင်း ဖြည့်စွက်မှာ ကြားခဲ့ကြောင်း သိရသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ပန်းတင်လမ်းမကြီး (၁၅၈၀´×၁၈´ ×၈´´) ကွန်ကရစ်လမ်းခင်းနေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးရာ မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးသိန်းဝင်းက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့်စပ်လျဥ်း၍ ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ဖြည်းဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့